တရုတ်ကို ဦးတည်သည့် အမေရိကန်ဥပဒေကြမ်းတွင် ဒလိုင်းလားမား ဆက်ခံမှုနှင့် သက်ဆိုင်သည့် တိဘက်အရေး ပါဝင်

By Tibet.net
14 June 2021
တရုတ်ကို ဦးတည်သည့် အမေရိကန်ဥပဒေကြမ်းတွင် ဒလိုင်းလားမား ဆက်ခံမှုနှင့် သက်ဆိုင်သည့် တိဘက်အရေး ပါဝင်
Photo: EPA

ကြီးထွားလာနေသော တရုတ်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ကြိုးပမ်းသည့်အနေဖြင့် အမေရိကန်အထက်လွှတ်တော်တွင် ပါတီနှစ်ခုလုံးက ဥပဒေကြမ်းတစ်ခုကို ၆၈-၃၂ မဲဖြင့် သဘောတူအတည်ပြုခဲ့ကြသည်။

တရုတ်ကို ယှဉ်ပြိုင်နိုင်ရန်အတွက် သိပ္ပံပညာတွင် ဒေါ်လာ ၂၅၀ ဘီလီယံရင်းနှီးမြှုပ်နှံခွင့်ပြုမည့် အမေရိကန် တီထွင်မှုနှင့် ယှဉ်ပြိုင်မှုအက်ဥပဒေ (အဆုံးမဲ့ ရှေ့တန်းအက်ဥပဒေ) တွင် တိဘက်အတွက်လည်း သိသာထင်ရှားသော ပြဌာန်းချက်များစွာ ပါရှိသည်။

“အပိုဒ် ၃၃၀၆၊ တိဘက်နှင့် ပတ်သက်သောမူဝါဒ” အရ၊ တိဘက်အရေးကိစ္စများအတွက် အထက်လွှတ်တော်၏ အကြံပြုသဘောတူညီချက်ဖြင့် အထူးညှိနှိုင်းရေးမှုးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် ယင်းအထက်အဆင့်မြင့်သော ပုဂ္ဂိုလ်က ခန့်အပ်ရမည် သို့မဟုတ် အမေရိကန် သမ္မတက ခန့်အပ်ရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ယင်းဥပဒေကြမ်းတွင် တရုတ်ပြည်၊ ချန်ဒူမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြန်လည်ဖွင့်လှစ်သည့် အချိန်အထိ သို့မဟုတ် လာဆာမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ဖန်တီးဖွင့်လှစ်နိုင်သည်အထိ ပေကျင်းမြို့ရှိ အမေရိကန်သံရုံး၏ နိုင်ငံရေးဌာနအောက်တွင် တိဘက်ဌာနခွဲတည်ထောင်ထားရန်ကိုလည်း တောင်းဆိုထားသည်။

အဆိုပါဥပဒေကြမ်းသည် ၂၀၂၀ တိဘက်ပေါ်လစီနှင့် ထောက်ခံမှုအက်ဥပဒေကို ထပ်မံအတည်ပြုခြင်းဖြစ်ပြီး ဒလိုင်းလားမား ဆက်ခံမှုနှင့် ပတ်သက်သည့် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်များ၏ ကိုယ်ပိုင်ဆုံး ဖြတ်နိုင်ခွင့်ကို အားပေးရန်နှင့် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို တားဆီးရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အမေရိကန်အစိုးရက အားပေးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းဥပဒေကြမ်းတွင် တိဘက်ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးလွတ်လပ်ခွင့်အား ကာကွယ်ရန်အတွက် နိုင်ငံတကာကြိုးပမ်းမှုများကိုလည်း ထပ်မံတောင်းဆိုထားသည်။

ဥပဒေကြမ်းတွင် " ၁၅ ယောက်မြောက် ဒလိုင်းလားမားအား အသိမှတ်ပြုခန့်အပ်ရေးအတွက် တိဘက်ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်များ၏ တစ်ခုတည်းသောဘာသာရေးအခွင့်အာဏာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်များနှင့် ပူးပေါင်းထောက်ခံရန်ကိုလည်း တိုက်တွန်းထားသည်။” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required