စစ်ပွဲဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင်နေသူများကို ကမ္ဘာကသိကြောင်း ပါကစ္စတန်ကို အာဖဂန် တုံ့ပြန်

By al arabiya
14 June 2021
စစ်ပွဲဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင်နေသူများကို ကမ္ဘာကသိကြောင်း ပါကစ္စတန်ကို အာဖဂန် တုံ့ပြန်

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းရန် မည်သူတို့က စစ်ပွဲကို ဆက်လက်ဆင်နွှဲနေသည်ကို မည်သူကမှ မမေ့သင့်ကြောင်း ပါကစ္စတန်မှ ပြောကြားခဲ့ခြင်းအပေါ် အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပြီး ယခုကဲ့သို့ စွပ်စွဲပြစ်တင်ခြင်းသည် အကျိုးမဖြစ်စေကြောင်း ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပျက်ပြားစေလိုသူများ ရှိနေကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာဟာ မာမွတ်ကူရေရှီက ယခုသီတင်းပတ်အတွင်း ဥရောပပါလီမန်သို့ အွန်လိုင်းမှတစ်ဆင့် စကားပြောကြားခဲ့သည်။ တာဂျစ်ကစ္စတန်သမ္မတ အီမွန်မာလီရာမွန်နှင့် ယခုသီတင်းပတ် အတွင်း အစ္စလာမာဘတ်မြို့၌ တွေ့ဆုံရာတွင်လည်း အလားတူ စွပ်စွဲမှုကို လုပ်ဆောင်ခဲ့သည်။

“အာဖဂန်နစ္စတန်အတွင်းရော အပြင်မှာပါ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မလိုလားသူတွေရှိနေပါတယ်။ ဒီလို ဖျက်ဆီးသူတွေကို ကျွန်တော်တို့ သတိရှိရပါမယ်” ဟု ကူရေရှီ၏ ပြောကြားမှုကို Tolo News သတင်းဌာနက ဖော်ပြခဲ့သည်။

အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်မှုတွင် ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများသည် အကြမ်းဖက်မှုများကို ဆက်လုပ်ခြင်းဖြင့် အာဖဂန်ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုမှုများကို လက်မခံသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။

“ပြစ်တင်ရှုတ်ချမှုကြောင့် ဒီကိစ္စမှာ အပြုသဘောမဆောင်စေပါဘူး။ ဒေသတွင်းက နိုင်ငံတွေ အထူးသဖြင့် ပါကစ္စတန်အနေနဲ့ ကြေညာချက်တွေ၊ မှတ်ချက်တွေ ပေးခြင်းဖြင့် အာဖဂန်နစ္စတန်မှာ ငြိမ်းချမ်းရေး ရရှိစေမှာ မဟုတ်ဘူး” ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ အာဖဂန်ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပါကစ္စတန်အနေနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့အတွက် လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို မျှော်လင်ပါတယ်” ဟုလည်း ဖော်ပြထားသည်။

“ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုထုတ်ပြန်ချက်ဟာ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်းရေးမှာဗြောင်ကျကျ ကြားဝင်စွက်ဖက်မှု ဖြစ်ပါတယ်” ဟု လွှတ်တော်အမတ်တစ်ဦးဖြစ်သူ နေမာတူလာကာယက်၏ ပြောကြားမှုအား Tolo News သတင်းဌာနက ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးများ၏ အာဖဂန် ငြိမ်းချမ်းရေးဆိုင်ရာ သုံးပွင့်ဆိုင် အွန်လိုင်းအစည်းအဝေးအပြီးတွင် ယခုကဲ့သို့အပြန်အလှန် ပြောဆိုကြခြင်း ဖြစ်သည်။ ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဖဂန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသည့် အဆင့်သို့ ရောက်ရှိလာပြီဟု ပြောကြားခဲ့သည်။

အာဖဂန်မှ အမေရိကန်တပ်များရုပ်သိမ်းခြင်းသည် အဆိုပါ နိုင်ငံ၏ အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly