နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဆေးဝါးနှင့်စားသောက်စရိတ် ရှေ့နေအဖွဲ့က တာဝန်ယူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဆေးဝါးနှင့်စားသောက်စရိတ် ရှေ့နေအဖွဲ့က တာဝန်ယူ

ဝေဟင်စိုး

ဖမ်းဆီးခံနေရချိန်အတွင်း ငွေကြေးလိုအပ်မှုရှိနေခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်သူအိမ်သားများအတွက် ဆေးဝါးနှင့်အသုံးစရိတ်တို့ကို ၎င်း၏ ရှေ့နေအဖွဲ့ကပင် တာဝန်ယူဆောင်ရွက်နေသည်။

"အမေတောင်းဆိုသလောက်မဟုတ်ပေမဲ့ ကျွန်မတို့ဘက်ကနေပြီးတော့ တစ်ပတ်စာ၊ နှစ်ပတ်စာအတွက် ကျွန်မတို့ ဘက်ကနေပြီး ပို့ပေးနေပါတယ်ရှင့်"ဟု ဒေါ်အောင်ဆန်းစုကြည်၏အမှုခုနှစ်မှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေအဖွဲ့မှအဖွဲ့ဝင်တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက မဇ္ဈိမ ကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အထူးလျှို့ဝှက်ထားသောနေရာတွင်ထားရှိပြီး အဆိုပါနေအိမ်တွင် သူနှင့်အတူ လူကိုးဦး၊ ခွေးတစ်ကောင်နေထိုင်လျှက်ရှိရာ ဆေးဝါးနှင့် အသုံးစားရိတ်ပြတ်တောက်မှုအတွက် အာဏာသိမ်းစစ်ကောင်စီထံမှမယူလိုသောသူမဆန္ဒကြောင့် ရှေ့နေအဖွဲ့က စီစဉ်ပေးနေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို ယနေ့ ဇွန် ၁၄ ရက်တွင် နေပြည်တော်ကောင်စီဝင်း အဆောက်အဦအမှတ် (၁) ရှိ အထူးတရားရုံးတွင်ရုံးချိန်းထုတ်ခဲ့သည်။  

 ဒေါ်အောင်ဆန်းစုကြည်အားစွဲဆိုထားသော အမှုများအနက်မှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပေဒေပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့အတွက် တရားလိုဘက်မှ ရဲမှူးမြင့်နိုင်နှင့် ရဲမှူးကြည်လင်းတို့ကို တရားလိုထွက်ဆိုချက်စစ်ဆေးခဲ့သည်။

သမ္မတ ဦးဝင်းမြင့်အပေါ်စွဲဆိုထားသော သီးခြားအမှုတစ်ခုဖြစ်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပေ ဒေပုဒ်မ၂၅ အတွက် ရဲမှူးမြင့်နိုင်ကို တရားလို ထွက်ဆိုချက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကော ဦးဝင်းမြင့်ကိုပါ နှစ်ဦးလုံးကို တစ်ပါတည်းရုံးထုတ်ပြီး စုစုပေါင်း အမှုလေးမှုအတွက် တရားခွင်ကြားနာမှုပြုသဖြင့် အချိန်ငါးနာရီကျော်ကြာမြင့်ခဲ့သည်။

ရုံးချိန်းမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ နာရီဝက်ကျော်ကြာတွေ့ဆုံခဲ့ရပြီး၊ ဦးဝင်းမြင့်အတွက် မိနစ် ၂၀ နီးပါးတွေ့ဆုံခဲ့ရသည်ဟု ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

"ဦးဝင်းမြင့်ကို အရင်စစ်ဆေးတယ်။ သူ့ကို သဘာဝဘေးန္တရာယ် စီမံခန့်ခွဲမှု ဥပေဒပုဒ်မ ၂၅နဲ့ စွဲထားတဲ့ ရာဇဝတ်ကြီးမှုအမှတ် ၃၆/ ၂၀၂၁အမှုအတွက် တရားလို ရဲမှူးမြင့်နိုင်ကို စစ်ဆေးပါတယ်။ ပြီးတော့အမေစုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပေဒပုဒ်မ၂၅ နဲ့စွဲထားတဲ့ ရာဇဝတ်ကြီးမှုအမှတ် ၃၇/ ၂၀၂၁ အတွက် တရားလို ရဲမှူးမြင့်နိုင်ကို ထပ်စစ်ဆေးပါတယ်။ ထပ်စစ်ပြီး နေ့လည်စာ စားဖို့ တရားခွင်နားပေးပါတယ်။ ပြီးတော့မှ ၁နာရီ ၄၅ မိနစ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ စွဲဆိုထားတဲ့ ရာဇဝတ်ကြီးမှုအမှတ်၄၅/၂၀၂၁ အတွက် တရားလို ရဲမှူး ကြည်လင်ကို စစ်ပါတယ်။ ပြီးတော့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ စွဲထားတဲ့ ရာဇဝတ်ကြီးအမှတ်၃၈ /၂၀၂၁ အတွက် တရားလို ရဲမှူးကြည်လင်ကိုပဲ စစ်ဆေးပါတယ်။ အမှုတိုင်းအတွက် အတွက် တရားလိုတွေကို စစ်ဆေးတာပါ။ အမှုလေးမှုစာအတွက် တရားလိုတွေကို စစ်ဖြစ်ပါတယ်။" ဟု ဒေါ်မင်းမင်းစိုးက ရှင်းပြသည်။

မနက်ဖြန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့်အတူ ထပ်မံရုံးထုတ်စစ်ဆေးဦးမှာဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့သုံးဦးကို အမှုတွဲ၍ နိုင်ငံတော်မတည်ငြိမ်စေရန်လှုံ့ဆောက်မှုဆိုင်ရာရာဇသတ်ကြီးပုဒ်မ ၅၀၅- ခ ဖြင့်လည်း တရားစွဲဆိုထားသေးသည်။

 ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ်သီးခြားစွဲဆိုထားသော သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ အမှုနှစ်မှုကိုလည်း တရားခွင်ကြားနာရဦးမှာဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသောအမှုများ

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုတစ်ခုပြီးတစ်ခုတိုးစွဲဆိုလာခဲ့ရာ ယခုအခါတွင် အမှုခုနှစ်ခုရှိသွားပြီဖြစ်သည်။

ပထမဆုံးအနေဖြင့် ဆက်သွယ်ရေးပစ္စည်းကိုခွင့်ပြုချက်မရှိဘဲတင်သွင်းသည်ဆိုကာ သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈  ။

ဒုတိယနှင့်တတိယအမှု- ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးရေးယာဉ်တန်းကိုလမ်းပေါ်ထွက်ကြိုဆိုမှုနေရာနှစ်ခုတွင်လုပ်ခဲ့သည်ဆိုကာ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်ချိုးဖောက်မှု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၅ နှစ်မှု

စတုတ္တအမှု- နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံဆော်သည်ဟုစွပ်စွဲကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)

ပဉ္စမမြောက်အမှု- ဆက်သွယ်ရေး ပစ္စည်း တရားမဝင် လက်ဝယ်ထားရှိသည်ဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ။

ဆဌမမြောက်အမှု-  နိုင်ငံတော်လုံခြုံရေး သို့မဟုတ် နိုင်ငံတော်အကျိုးစီးပွားကိုထိခိုက်အောင်ပြုမှုသည်ဟုဆိုကာ လျှို့ဝှက်ချက် အက်ဥပဒေ  

သတ္တမမြောက်အမှု- စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ထံမှ အဂတိလိုက်စားမှုတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required