နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၁၄ ရက် ၊ ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး လက်သုံးချောင်းထောင် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• ရန်ကုန်မြို့တွင် "သပိတ်စုံ သူပုန်ထ" စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် လူစည်ကားရာနေရာတွင် ပြုလုပ်ခဲ့သည်။ အဆိုပါသပိတ်အား CDM မြန်မာ့မီးရထားဝန်ထမ်းများ၊ ကြည့်မြင်တိုင်နှင့် မင်္ဂလာတောင်ညွန့်မှ လူငယ်သပိတ်စစ်ကြောင်းများ၊ ကျောင်းသားသမဂ္ဂနှင့် အထွေထွသပိတ်ကော်မတီ - GSC တို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်သည်။ လူထုလှုပ်ရှားမှုတွင် စစ်အုပ်စုအား ထောက်ခံသည့် အာဆီယံအဖွဲ့အား ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အာဆီယံအလံ မီးရှို့ခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

• တာမွေမြို့၊ ၁၄၅ လမ်းနှင့် ဗညားဒလလမ်းပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များက ကားများရပ်ကာ သီတာလမ်းအပါအဝင် ကျောက်မြောင်းရပ်ကွက်အတွင်းရှိ လမ်းများအတွင်း ဝင်ရောက်ကာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

• သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် သမာဓိ (၃) လမ်းတွင် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က စစ်အုပ်စုလက်နက်ကိုင် ရဲနှင့် စစ်သားများ ရောက်လာကာ လမ်းအတွင်းရှိ တိုက်ခန်းတချို့ တံခါးများ ဖျက်ဆီးဝင်ရောက်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ၎င်းတို့ ရှာဖွေလိုသူ မရှိသည့်အတွက် ပြန်လည်ထွက်သွားခဲ့သည်။ 

• ရန်ကုန် ဗိုလ်ချုပ်လမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ ဗဟိုစည်ဆေးရုံနှင့် အိမ်ရာဝန်းအတွင်း ဝင်ထွက်နေသည့် ကားနံပါတ် များအား မှတ်တမ်းယူကာ စစ်အုပ်စုထံ ပြန်လည်တင်ပြနေရသည်ဟု သိရသည်။ အဆိုပါ အိမ်ရာဝန်းတွင် ဝင်ပေါက်နှစ်ခုရှိကာ ဗိုလ်ချုပ်လမ်းပေါ် ဝင်ပေါက်ကိုအား စစ်အုပ်စုအမိန့်ဖြင့် ပိတ်ထားကာ ဝါးတန်းလမ်းဝင်ပေါက်တစ်ခုတည်းကိုသာ ဖွင့်ထား ပေးသည်။ 

• တောင်ဥက္ကလာပမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုကြောင့် ပြည်သူများ သေဆုံးခဲ့မှု သုံးလပြည့် ဝမ်းနည်းခြင်း လှုပ်ရှားမှုအဖြစ် မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များက ငြိမ်းချမ်းစွာ အနားယူပါတော့ ဆိုသည့် စာသား နှင် သေဆုံးခဲ့သူများ နာမည်အား ပေါင်းစပ်ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ်နှင့် Paper Strike ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုဒေါက်တိုင်ရုံးများအနီးတွင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်သည့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတား အောက်တွင် နေ့လယ် ၂ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ငါးဦး က ဖြတ်သန်းသွားလာသူများ၏ ဖုန်းများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် ကမာရွတ်မီဒီယာမှ တာဝန်ရှိသူနှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက မတ်လ ၉ ရက် က လှည်းတန်း၊ စံရိမ်ငြိမ် (၆) လမ်းရှိ ရုံးခန်းတွင် ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုထားရာမှ ယနေ့နံနက်ပိုင်းတွင် အယ်ဒီတာချုပ် ဦးနေသန်မောင် (အမေရိကန်နိုင်ငံသားခံယူထားသူ) အား စွဲချက်မတင်ခင်မှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ပူးတွဲတည်ထောင်သူ ဦးဟံသာငြိမ်းကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဦးနေသန်မောင်အား အောင်သပြေရဲစခန်းတွင် တစ်ညထားပြီးနောက် မနက်ဖြန် (ဇွန်လ ၁၅ ရက်) တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့မည် ဖြစ်သည်။ 

• ရန်ကုန်မြို့ခံ လူငယ်များကလည်း "လိင်အကြမ်းဖက်မှု ချက်ချင်းရပ်၊ မုဒိမ်းစစ်တပ် အမြစ်ဖြတ်" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

• လမ်းမတော်မြို့နယ် (၁၀) လမ်း အလယ်ဘလောက်တွင် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• ငါန်းဇွန်မြို့နယ်၊ မြို့သာအနောက်ရွာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ညသပိတ်ဦးဆောင်သူ ကိုအောင်ငြိမ်းချမ်းအား စစ်အုပ်စုလက်နက်ကိုင်များက ၎င်း၏ နေအိမ်တွင် ဇွန်လ ၁၂ ရက်က ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ 

• မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် NLD ပါတီရုံးခန်းကို ယမန်နေ့ညပိုင်းက ဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ ဗုံးနှစ်လုံးအနက် တစ်လုံးသာ ပေါက်ကွဲခဲ့ရာ လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။ ထို့ပြင် တိုင်း NLD ရုံးကိုလည်း အမှတ် (၃) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ သော့ဖျက်ဝင်ရောက်၍ ပါတီရုံးရှေ့ရှိ ဆိုင်းဘုတ်နှင့် ဗီနိုင်းများကိုလည်း ဖျက်သီးသွားခဲ့ သည်။ 

• မိုးကုတ်တွင် ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးစ CDM ပညာရေးဝန်ထမ်းများအနေဖြင့် ထောက်ပံ့ကြေးလျှောက်ယူနိုင်ကြောင်း မိုးကုတ်မြို့နယ်လုံးဆိုင်ရာ ဆရာ/ဆရာမများ (ယာယီ) ကော်မတီက ထုတ်ပြန်ထားသည်။ 

• တောင်သာတွင် စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံထားရသည့် မနှင်းနှင်းဆိုသူအား ၎င်းဖွင့်လှစ်ထားသည့် ယွန်းယွန်း ဖုန်းဆိုင်တွင် လူငယ် နှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည့်အတွက် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့သည်။ 

• တောင်သာမြို့နယ် အင်းတဲရွာနေ ကိုမျိုးမြင့်သန်းဆိုသူအား ယမန်နေ့ ညနေ ၃ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက ကားလေးစီးဖြင့် လာရောက်ကာ ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်။ 

• မိတ္ထီလာမြို့နယ်တွင် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်နှင့် စီတန်းလှည့်လည်ခြင်းမပြုရန် စစ်အုပ်စုက ပုဒ်မ ၁၄၄ အား ယနေ့မှစ၍ ကြေညာထားသည်။ 

• မိတ္ထီလာ တိုင်း (၁) NLD အမတ် ဦးလွင်မောင်မောင်အား စစ်အုပ်စုက ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကာ ၎င်းအား ဧပြီလ ၂၈ ရက်ညပိုင်းက ၎င်းနေထိုင်ရာ မြို့နှင့် ၁၀ မိုင်ခန့်အကွာ စက်မှုဇုန်ရှိ နေအိမ်တွင် အင်အားသုံး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

• မန်းအောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ၊ သပိတ်စစ်ကြောင်းကလည်း "သပိတ်စုံ သူပုန်ထ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။ 

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အရပ်ဝတ်လက်နက်ကိုင်များက အိမ်စီးကားများ ဖြင့် သပိတ်စစ်ကြောင်း စတင်သည့်နေရာသို့ ရောက်ရှိကာ ဖြိုခွဲခဲ့သည့်အတွက် အနည်းဆုံး ၄ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ တပ်ပေါင်းစုတွင် ဗကသ၊ ပညာရေး၊ အောင်မြေသာစံအခြေခံပညာကျောင်းသားသမဂ္ဂ၊ ချမ်းမြသာစည် ဗကသ၊ ပညာ ရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂ၊ ဘုရားကြီး၊ စိန်ပန်း၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူနှင့် တမ္ပဝတီလူထုသပိတ်စစ်ကြောင်းတို့ ပါဝင်သည်။ 

• ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီ/မုခ်ဦးတန်း အမှတ် (၃) ကျောင်းရှေ့တွင် နံနက် ၁၁ နာရီခန့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်မှုမရှိသော်လည်း စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ 

• မန်း အမရပူရမြို့နယ် ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (ဗကသ) နှင့် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ကျဆုံးရေး ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။ 

• မန်းအခြေစိုက် ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကလည်း လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့အနီး ကျေးရွာများအထိ လှည့်လည်ကာ စစစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• နံနက်ပိုင်းတွင် မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းအား စစ်အုပ်စုလက်နက်ကိုင်များက ဖြိုခွဲခဲ့သော်လည်း နေ့လယ်ပိုင်းတွင် မန္တလေး G.Z လူငယ်သပိတ်၊ တိုင်း တောင်သူလယ်သမားအင်အားချိတ်ဆက်ရေးကွန်ယက် အဖွဲ့ဝင်များက မတ္တရာမြို့နယ်တွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ဒေသခံများက "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• “သပိတ်စုံ သူပုန်ထ" မည့် မြတောင်သပိတ်စစ်ကြောင်းလည်း အဖမ်းအဆီးများ ရှိသည့်ကြားကပင် မြို့တွင်းလမ်းများပေါ် တက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ရွှေမန္တလေးရဲ့ မြို့သိမ်းသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် "သပိတ်စုံ သူပုန်ထ" ဆိုင်းဘုတ်များ ကိုင်ဆောင်လွှင့်ထူ၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းအား အာရုဏ်ဦးပိုင်းတွင် စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းခဲ့သော်လည်း မန်း ကျောက်မျက်ရတနာကုန်သည်ပွဲစားများ သပိတ်စစ်ကြောင်းကလည်း လမ်းပေါ်တက်လာကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့သည်။

• နွေဦးတော်လှန်ရေးတွင် အသက်ပေးခဲ့ရသည့် အာဇာနည်များအားနှင့် ဖမ်းဆီးခံထားရသူများ၊ လက်နက်ကိုင်စွဲရန် စစ်ပညာ သင်ယူရန် အားထုတ်နေသည့် လူငယ်များနှင့် CDM ပြုလုပ်ထားသည့် ပြည်သူ့ဝန်ထမ်းများကို ထောက်ထားငဲ့ညှာသည့်အား ဖြင့် ပြည်သူများ သွေးမအေးကြဘဲ "အလံနှင့် အသံကို နားစွင့်၍" ပူးပေါင်းပေးကြရန် မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၃ ခုက စုပေါင်းမေတ္တာရပ်ခံထားသည်။

• မန္တလေးတွင် ဒလန်များ၊ စစ်အုပ်စုအား ထောက်ပံ့နေသည့် ဒေါက်တိုင်များနှင့် ပြည်သူများအား အရပ်ဝတ်ဖြင့် လှည့်ပတ်၍ ငွေညှစ်ခြိမ်းခြောက်နေသည့်အဖွဲ့များအား အသံပေးဖောက်ခွဲမှုများ ပြုလုပ်၍ သတိပေးခဲ့ပြီးဖြစ်ကာ ဆက်လက်လုပ်ဆောင် နေသည်ဆိုပါက အသက်အိုးအိမ်စည်းစိမ်ကို အာမခံမည်မဟုတ်ကြောင်း အပြင်းအထန် သတိပေးလိုက်သည်ဟု မန္တလေး ပြောက်ကျားအထူးစစ်သည်တပ်ဖွဲ့ - MSTF က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

• မြင်းခြံမြို့၊ နယ်ခြားရွာနေ စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံရသူ ဦးကြည်လင်မှာ ယနေ့နံနက်ပိုင်းက ဓားဖြင့် ခုတ်ခံရ သဖြင့် သေဆုံးသွားပြီ ဖြစ်သည်။

• ညောင်ဦးမြို့အရှေ့ပိုင်း ရုံးရောင်ပင်ရပ်ကွက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ရန် လူစုနေချိန်တွင် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ အသက် ၇၀ ကျော် အဘွားအိုတစ်ဦးအပါအဝင် အမျိုးသမီးလေးဦးအားဖမ်း ဆီးခဲ့သည်။ 

• ပုဂံမြို့နေပြည်သူများကလည်း "ငါတို့အတွက် ရောင်နီ မင်းတို့အတွက် မှောင်ပြီ"၊ "စစ်ကျွန်ပညာရေးအလိုမရှိ" ဆိုင်းဘုတ် များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• စစ်အုပ်စုက သပိတ်ပြုလုပ်မရအောင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ပဲခူးလူငယ်များက လူစည်ကားရာ စျေးများ တွင် ပြောက်ကျားသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။ 

• ဒိုက်ဦးမြို့ခံ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ဒီပဲယင်းမြို့နယ်၊ ကြည်ရွာအုပ်ချုပ်ရေးမှူး သမီးနှစ်ဦးမှာ ယမန်နေ့ ည၆ နာရီခန့်က ဆိုင်ကယ်စီးလာချိန်တွင် အမည်မသိ လူတစ်စုက ဓားဖြင့် ခုတ်ခဲ့သည့်အတွက် သေဆုံးသွားခဲ့သည်။ ယမန်နေ့ညပိုင်းကလည်း ဒီပဲယင်းမြို့နယ်တွင်းရှိ စစ်အုပ်စု ခန့် အင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကိုဖြစ်သူလည်း သေနတ်ဖြင့် ပစ်ခံရသည့်အတွက် ကျေးရွာအနီး တူးမြောင်းဘောင်ပေါ်တွင် ဦးခေါင်းပွင့်အနေအထားဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည်ဟု သိရသည်။ 

• ကနီမြို့နယ်၊ အိုင်တောင်အုပ်စုအတွင်းရှိ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းကတည်းက စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၆၀ ခန့်ဖြင် ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း လူငယ်မျာကလည်း မြို့တွင်းလူစည်ကားရာ စျေးနှင့် လမ်းများပေါ်လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် မုံရွာမြို့ခံ ပြည်သူများကလည်း နေ့လယ်ခင်း၌ ပင် ဖယောင်းတိုင်များ ထွန်းညှိကိုင်ဆောင်ကာ စစ်အာဏာရှင်အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကျေးရွာအုပ်စုမှ လက်ပံတောင်းဒေသခံများ သပိတ်စစ်ကြောင်းကလည်း ကျေးရွာ များအတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာစုံသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဘုတလင်မြို့နယ်၊ နေပူကုန်းရွာတွင် အနီးအနားရှိ ကျေးရွာများ စုပေါင်းကာ ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• စစ်ကိုင်းတိုင်၊ ကလေးမြို့နေ လူငယ်များကလည်း ယနေ့ ညနေပိုင်းတွင် သပိတ်စစ်ကြောင်းထွက်ကာ စစ်အာအာဏာရှင် စနစ် ကျဆုံးရေး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ဂန့်ဂေါမြို့နယ်တွင် စစ်ဘက်သုံး ရဟတ်ယာဉ်တစ်စီး နံနက် ၁၀ နာရီခွဲခန့်က လှည့်ပတ်ပျံဝဲနေသည့်အတွက် တိုက်ပွဲများ ပြန်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်ကလည်း ဂန့်ဂေါမြို့နယ်တွင်းရှိ ကျေးရွာ အချို့တွင် စစ်အုပ်စုလက်နက်ကိုင်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ခိုက်မှုများ ရှိခဲ့သည်။

• မြိုင်မြို့ အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသခံလူထုတို့ စုပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေးဟု ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြိုင်အနောက်ပိုင်းဇုန် ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းကလည်း "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" ဆိုင်းဘုတ်များ လွှင့်ထူကာ ဆန္ဒပြခဲ့ကြသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထားဝယ် အရှေ့တောသပိတ်စစ်ကြောင်းကလည်း "သပိတ်စုံ သူပုန်ထ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း "စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်" နှင့် "စစ်ကျွန်ပညာရေး အလိုမရှိကြောင်း" ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်၊၊ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းမှ စခန်းမှူးဟောင်း ဒုရဲအုပ် ရဲမြင့်ဦးမှာ နံနက် ၉ နာရီခွဲခန့်က မောင်းမကန် ကံယုံဘုန်းတော်ကြီးကျောင်းအနီး ၎င်း၏ နေအိမ်မှ အပြင်သို့ ထွက်လာစဉ် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ သေနတ်ဖြင့် ပစ်ခဲ့သူများမှာ မောင်းမကန်ကျးရွာ သုဿန်အတွင်းသို့ ဝင်ပြေးသွားသည့်အတွက် လက်နက်ကိုင်ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ (နွားကျောင်းသား) တစ်ဦး ကျည်ဆံထိမှန်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ညင်းမော်၊ မောင်းမကန်၊ စစ်ပြဲ၊ အောက်ရေဖြူစသည့် ကျေးရွာနေ ပြည်သူများကလည်း ပုဒ်မ ၁၄၄ ချမှတ်ထားသည့်ကြားကပင် ကျေးရွာသပိတ်စစ်ကြောင်းများဖွင့်၍ ဒေသခံများ စုဝေးလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
• သရက်ချောင်းမြို့နယ် ပိန်းတောနှင့် ပန်းချီရှောင်ရွာနေ ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျေးရွာများအတွင်းလှည့်လည်ကာ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ဧရာဝတီတိုင်း ကျန်းမာရေးဌာနတွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်း မိသားစု ခုနစ်စုအား စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဌာနက ဝန်ထမ်းအိမ်ရာမှ ထွက်ခွာရန် ဖိအားပေးခဲ့သည့်အတွက် အိမ်ရာမှ ဆင်းပေးလိုက်ရပြီ ဖြစ်သည်။ 

• မြန်အောင်မြို့၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော် နေအိမ်တွင် ဇွန်လ ၄ ရက်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအပြီး မြန်အောင် ကြာနီကန်လမ်းဆုံအနီး နေထိုင်သူ သုံးဘီးမောင်းသူနှင့် ဓာတ်ဆီဆိုင်ဖွင့်ထားသူ ဦးသိန်းစိုးအား စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မြန်အောင်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်။ 

ကချင်ပြည်နယ်

• ဖားကန့် ကျောက်ဝိုင်းသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာ ဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဖားကန့်၊ ဟောင်ပါးကျေးရွာအုပ်စုမှ ကျောင်းသားနှင့် မိဘပြည်သူများက "ပြောင်းလဲချင်ရင် ကျောင်းထဲ မဝင်နဲ့" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အုပ်စုအမိန့်ဖြင့် ဖွင့်လှစ်နေသည့် ကျောင်းများရှေ့အထိ သွားကာ "စစ်ကျွန်ပညာရေး အလိုမရှိကြောင်း" ဆန္ဒပြခဲ့ကြသည်။ 

ကယားပြည်နယ်

• ကယားပြည်နယ်တွင် စစ်အုပ်စုက ဖမ်းဆီးထားသည့် ပြည်သူပေါင်း ၁၃၉ ဦးအထိ ရှိလာပြီဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု - PKPF က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူတွင် ဆန္ဒပြလူထုသပိတ်ကြောင့် ဖမ်းဆီးခံရသူများ၊ စစ်ဘေးရှောင်များ ကူညီခြင်း၊ CDM ဝန်ထမ်းများနှင့် ပတ်သက်သည့်အတွက် ဖမ်းဆီးခံရသူများ ပါဝင်ကာ စစ်သင်တန်းမှ ပြန်လာ သူများဟု ယူဆကာ ဖမ်းဆီးခံထားရသူများလည်း ပါဝင်သည်။

• စစ်ဘေးရှောင်ပြည်သူများအား ကာကွယ်ကာ လုံခြုံသည့်နေရာအား ပို့ဆောင်ပေးရင်းဖြင့် စစ်အုပ်စုလက်ချက်ဖြင့် ဇွန်လ ၁၁ ရက်က ကျဆုံးခဲ့သည့် ကရင်နီတပ်မတော်မှ ဒုဗိုလ်ရှေးရယ်၏ စျာပနအခမ်းအနားအား တပ်မတော်ဌာနချုပ်ရှိရာ အာဇာနည် ကုန်းတွင် ယနေ့ပြုလုပ်ခဲ့သည်။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်လေးဖွဲ့မှာ ဇွန်လ ၁၅ ရက်မှစကာ နှစ်ရက်ကြာ အစည်းအဝေးပြုလုပ်ရန် စီစဉ်နေသည်။ လက်နက်ကိုင်လေးဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး - KNU၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် - DKBA၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် စစ်အုပ်စုသြဇာခံ နယ်ခြားစောင့်တပ် - BGF တို့ ဖြစ်သည်။

• ကယားပြည်နယ်တွင် စစ်အုပ်စု လက်နက်ကိုင်များက လူနေရပ်ကွက်များအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် ရှိနေကာ ရိက္ခာပြတ်လပ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု ကူညီရေးအဖွဲ့များ ထံက သိရသည်။ စစ်အုပ်စုက တိမ်းရှောင်နေရာမှ နေအိမ်သို့ ရိက္ခာပြန်လာယူသူများကိုပင် သေသည်အထိ ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။ 

ချင်းပြည်နယ်

• မင်းတပ်မြို့ ယှက်ရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ဒေသခံပိုင် လူနေအိမ်နှစ်လုံးအား ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်။ 

• ပလက်ဝမြို့တွင် မြိုခံများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံစေရန်နှင့် တိုက်တာအဆောက်အဦများ ပျက်စီးမှုနည်းစေရန်အ တွက် ဇွန်လဆန်းမှ စ၍ ယနေ့ (ဇွန်လ ၁၄) ရက်အထိ မြို့တွင်းလှုပ်ရှားမှုများ ရပ်နားထားကာ မြို့တွင်း၌ တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များက ဘာသာရေးနှင့် လူနေအဆောက်အအုံများအား ဖျက်စီးမီးရှို့ခြင်းများ ပြုလုပ်နေကြောင်း ပလက်ဝ Chinland Defense Force က ကြေညာထားသည်။ 

မွန်ပြည်နယ်

• ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်းအနီး ကဒက်ချောင်းတွင် နေ့လယ် ၁၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များအား အမည်မသိ အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ လက်ရှိတွင် အဆိုပါပစ်ခတ်မှု ဖြစ်ပွားသည့်နေရာသို့ လက်နက်ကိုင်စစ်သားများ ရောက်ရှိနေကာ လုံခြုံရေးတင်းကြပ်ထားလျက်ရှိသည်။ 

ရှမ်းပြည်နယ်

• နမ့်ဆန်မြို့နယ်၊ နမ့်တွေကျေးရွာအုပ်စု၊ မာမို့ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် လွေးနွမ်ခမ်း ဆိုသူ မိန်းကလေးငယ်တစ်ဦး မှာ လက်ဖက်ခြံအတွင်း လက်ဖက်ခူးနေစဉ် မည်သည့်အဖွဲ့က ထောင်ထားမှန်းမသိသည့် ဆွဲမိုင်းအား ထိမိပေါက်ကွဲရာမှ ဘယ်ဘက်ပေါင်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ 

• တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်သူ မရှိခဲ့ပေ။ 

ရခိုင်ပြည်နယ်

• ဂျပန်နိုင်ငံက လှူဒါန်းထားကာ ကျောက်ဖြူ-တောင်ကုတ် ပြေးဆွဲနေသည့် ကစ္ဆပနဒီ (၂) သင်္ဘောအား အရှုံးပေါ်သည်ဟုဆို ကာ စစ်အုပ်စုက ပြေးဆွဲမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ဂျပန်က လှူဒါန်းထားသည့် စစ်တွေ-ကျောက်ဖြူပြေး ကစ္ဆပနဒီ (၁) သင်္ဘောကိုလည်း စက်ပျက်သည်ဟုဆိုကာ မေကုန်လပိုင်းကစ၍ ပြေးဆွဲမှု ရပ်ဆိုင်းကာ ကစ္ဆပနဒီ (၃) (စစ်တွေ-ကျောက်ဖြူ) သင်္ဘောကိုလည်း ရာသီဥတုကြောင့်ဆိုကာ ရပ်နားထားသည်။ 

နေပြည်တော်

• ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ - RSO က စစ်အုပ်စုအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာကာ ပြန်လည်တိုက်ခိုက်မည် ဖြစ်ကြောင်း ဇွန်လ ၁၂ ရက် နေ့စွဲဖြင့် ကြေညာထားကာ အဆိုပါအဖွဲ့မှာ ၂၀၁၂ ခုနှစ်က ပေါ်ပေါက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

• ပြည်သူ ၈၀၀ ကျော် သေဆုံးအောင် ပြုလုပ်ခဲ့သည့် စစ်အုပ်စုအား လက်နက်ရောင်းချခြင်းနှင့် အခြားဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်မည် မဟုတ်ကြောင်း G7 နိုင်ငံများကြား သဘောတူညီမှု ပြုလုပ်ထားသည်။ G7 တွင် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့ ပါဝင်သည်။

• ပြင်ဦးလွင်၊ အနီးစခန်း လေယာဉ်ပျက်ကျမှုတွင် ပျံလွန်တော်မူခဲ့သည့် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ စျေးကုန်းကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တကဝိသာရ၏ စျာပနအခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့ရာ စစ်အုပ်စုလက်နက်ကိုင် ရဲနှင့် စစ်သားများ ကပါ လုံခြုံရေး ယူထားပေးခဲ့သည်။ 

ဇွန် ၁၄ သုံးသပ်ချက်

• ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးများတွင် "သပိတ်စုံ သူပုန်ထ" အမည်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုများ တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်တွင် အင်အားအများအပြား ပါဝင်သည့် လမ်းပေါ်တက်သပိတ်များ ပြန်လည်ရှိလာနေကာ ပေါက်ကွဲမှုများလည်း ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က ယခုအချိန်အထိ မြေပြင်သတင်းအချက်အလက် ရယူကာ ဝင်ရောက်စီးနင်း ဖမ်း ဆီးမှုများ ဆက်လုပ်နေဆဲ ဖြစ်သည်။ 

• မန္တလေးတွင် သပိတ်ကြီးများ အားကောင်းဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း အရပ်ဝတ်လက်နက်ကိုင်၊ အိမ်စီးကားများသုံး ၍ လူမဆန်စွာ ဖြိုခွဲလျက်ရှိသည်။ မြို့ပေါ်ရပ်ကွက်များတွင် စစ်အုပ်စုဒေါက်တိုင် ရဲစခန်းနှင့် ၎င်းတို့ တပ်စွဲထားသည့် နေရာ များတွင် လုံခြုံရေးအစီအမံများ တိုးမြှင့်ထားဆဲ ဖြစ်ကာ ယခင်က မဝင်ရောက်ဖူးသည့် မြို့ပေါ်ရပ်ကွက်များအထိ ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည်။ 

• ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ခဲ့သည့် မင်းတပ် (ချင်းပြည်နယ်) နှင့် ဒီးမော့ဆို (ကယားပြည်နယ်) တွင် ထိတွေ့မှု မရှိသလောက် ဖြစ်နေသော်လည်း စစ်ဘေးရှောင်များ များလာနေကာ ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်လျက် ရှိသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူဦးရေထောင်ချီပါဝင်သည့် လူထုဆန္ဒဖော်ထုတ်မှုများ အားကောင်းကောင်းဖြင့် ရှိနေဆဲ ဖြစ်သည်။ မြို့ကြီးအချို့နှင့် ကျေးရွာများတွင် စစ်အုပ်စုသတင်းပေးဒလန် ရှင်းလင်းမှုများ ခပ်စိတ်စိတ် ဖြစ်ပေါ်လျက်ရှိသည်။ 

• စစ်အုပ်စုဘက်တွင် နိုင်ငံတကာဖိအားနည်းနေပြီး ပိတ်ဆို့မှုကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုလောက် သာ ဖိအားအဖြစ် ရှိနေသည်။ မြို့ကြီးများပေါ်တွင် စစ်သား၊ ရဲများအား လုံခြုံရေးထားရှိထားကာ ၎င်းတို့အား ထောက်ခံသူ များအား စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ရန် ပြင်ဆင်သည့် အရိပ်အယောင်များလည်း ရှိနေသည်။ မြို့ပေါ်ရှိ စစ်အုပ် စုဒေါက်တိုက်ရုံးများတွင် လုံခြုံရေးအစီအမံ တိုးမြှင့်မှုများအား မြို့ကြီးတိုင်းလိုလိုတွင် ပြင်ဆင်ထားလျက် ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly