ဒေါ်အောင်ဆန်းစုကြည် အမှုအား ရုံးထုတ်ကြားနာတော့ရန် ရှိချိန် အာဆီယံအလံအား မီးရှို့ဆန္ဒပြမှု ဖြစ်

ဒေါ်အောင်ဆန်းစုကြည် အမှုအား ရုံးထုတ်ကြားနာတော့ရန် ရှိချိန် အာဆီယံအလံအား မီးရှို့ဆန္ဒပြမှု ဖြစ်
Photo - AFP

ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာ ဆန္ဒပြသူ ၁၀၀ နီးပါးဟာ ‘အာဏာရှင်စနစ် ကျဆုံးစေ’ နှင့် ‘ဖက်ဆစ်စစ်တပ် အမြစ်ဖြုတ်’ ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ချီတက်ဆန္ဒပြကြပါတယ်။ အဲဒီလို ဆန္ဒပြရာမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ ကိုယ်စားပြု အလံကိုလည်း မီးရှို့ခဲ့ကြပါတယ်။ 

မြန်မာ့ ပဋိပက္ခပြဿနာ ဖြေရှင်းရေး သံခင်းတမန်ခင်း အားထုတ်မှုတွေမှာ အာဆီယံက ဦးဆောင်နေတာ ဖြစ်ပေမယ့် ဒီ ဒေသတွင်းအဖွဲ့ရဲ့ သံတမန်ဩဇာကို မြင်ရတွေ့ရခြင်း မရှိပါဘူး။ ဒါအပြင် မြန်မာနိုင်ငံအရေးမှာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်မယ့် ဩဇာရှိရဲ့လားဆိုပြီးလည်း စောင့်ကြည့်သူတွေက မေးခွန်းထုတ်နေပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး လေးလကျော်အကြာမှာ ဖြုတ်ချခံခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှုကို စစ်အာဏာသိမ်းအုပ်စု တရားရုံးတစ်ရုံးကနေ တနင်္လာနေ့မှာ စတင်ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။  

ဖေဖော်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်အစိုးရကို စစ်ဗိုလ်ချုပ်တွေက အင်အားသုံးဖြုတ်ချပြီး ဆယ်နှစ်တာ ဒီမိုကရေစီ အတွေ့အကြုံ အဆုံးသတ်သွားခဲ့ချိန်ကစလို့ နိုင်ငံအတွင်းမှာ နေ့စဉ်နဲ့အမျှ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေပါတယ်။ 

ကြီးမားတဲ့ တော်လှန်ဖီဆန်မှုတွေဟာ လူမဆန်တဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေနဲ့ ကြုံရပြီး လူပေါင်း ၈၅၀ ထက်မနည်း သေဆုံးတယ်လို့ ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ဆိုပါတယ်။ 

စစ်အာဏာသိမ်းအုပ်စုဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ၁၁ ကီလိုဂရမ် တရားမဝင် လက်ခံမှုကနေ ကိုလိုနီခေတ် လျှို့ဝှက်ဥပဒေအထိ ပြစ်မှုတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေါ်ကီတော်ကီတွေ မလျော်ညီစွာ တင်သွင်းမှုနဲ့ သူ့ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အခု တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခံရှေ့နေအဖွဲ့က မျက်မြင်တွေကို စစ်ဆေးမေးမြန်းမှာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အဖမ်းခံရပြီးနောက်ပိုင်း နှစ်ကြိမ်ပဲ တွေ့ခွင့်ပြုခံရတဲ့ သူ့ ရှေ့နေအဖွဲ့က အခု စစ်ဆေးကြားနာမှုကို ဇူလိုင် ၂၆ ရက်မှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ 

အမှုအတွက် စစ်ဆေးကြားနာမှုကို တနင်္လာနေ့တိုင်း စစ်ဆေးကြားနာသွားမှာ ဖြစ်ပါတယ်။ 

ပြစ်မှုစွဲချက်အားလုံးအတွက် အပြစ်ရှိတယ်လို့ စီရင်ချက် ချခံရရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထောင်ဒဏ် ဆယ်နှစ်ကျော် ကျခံရမှာ ဖြစ်ပါတယ်။ 

“ကျွန်တော်တို့ အကောင်းဆုံး မျှော်လင့်ထားတယ်၊ ဒါပေမဲ့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားတယ်”လို့ နေပြည်တော်မှာ ကြားနာမှု မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required