အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကက်သလစ်ဘုန်တော်ကြီးများအားလုံး ပြန်လည်လွတ်မြောက်လာ

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကက်သလစ်ဘုန်တော်ကြီးများအားလုံး ပြန်လည်လွတ်မြောက်လာ

ဇွန် ၁၃

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကက်သလစ်ဘုန်တော်ကြီးများအားလုံးက ဇွန်လ ၁၃ ရက်နေ့နေ့လည်ပိုင်းအချိန်လောက်ကတည်းက ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာနယ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ရေဉီးမြို့နယ်၊ ချမ်းသာရွာမှာ အာဏာသိမ်းစစ်ကောင်စီက  ဇွန်လ ၁၂ ရက်နေ့ညမှာ  စစ်ကား ရှစ်စီး ဝင်ရောက်လာပြီး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ကက်သလစ်ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်းများကို  ဝင်ရောက်စစ်ဆေးခဲ့ရာမှာ အာဂန္ဓုအဖြစ်ရောက်ရှိနေတဲ့ မန္တလေးသာသနာနယ်မှ ကက်သလစ်ဘုန်းတော်ကြီး ခြောက် ပါးနဲ့ ဘာသာဝင်အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ချမ်းသာရွာမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနဲ့  ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတို့မှာ လွှတ်တော်အမတ်များကို ခိုလှုံခွင့်ပေးထားတယ်ဆိုတဲ့ သတင်းပေးမှားယွင်းမှုကြောင့် အခုလိုဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့  ဇွန်လ ၁၃ ရက်နေ့ တနင်္ဂနွေနေ့ နေ့လည် ပိုင်းအချိန်လောက်မှာတော့ အဆိုပါခေါ်ဆောင်သွားခံရတဲ့  ဘုန်းတော်ကြီးများမှာ မိမိတို့သတင်းသုံးသည့်ကျောင်းများသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်သာသနာက ထုတ်ပြန်ကြေညာထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဝင်ရောက်စစ်ဆေးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က တိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံ ရွာသူရွာသားအချို့လည်း ဒီကနေ့မနက်ပိုင်းကတည်းက ရွာကိုပြန်လည်ရောက်ရှိလာကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly