အမေရိကန်က မိတ်ဖက်ဆက်ဆံရေးအတွက် တရုတ်ကို ဘေးဖယ်၍ ဥရောပကို လက်ကမ်း

By The Singapore Post
12 June 2021
အမေရိကန်က မိတ်ဖက်ဆက်ဆံရေးအတွက် တရုတ်ကို ဘေးဖယ်၍ ဥရောပကို လက်ကမ်း

သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်ကို ဘေးဖယ်ထားလိုက်ပြီး အမေရိကန်နှင့် ဥရောပတို့ အနီးကပ်လက်တွဲ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးနှင့် နည်းပညာနယ်ပယ်များအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများအား တရုတ်ကို ပြဌာန်းခွင့်မပြုနိုင်ကြောင်း ပြောကြားသည်။

ဇွန် ၅ ရက်က ဝါရှင်တန်ပို့စ်တွင် ရေးသားသည့် သဘောထားအမြင်ဆောင်းပါး၌ ကိုရိုနာဗိုင်းရပ်၊ ရာသီဥတုပြဿနာနှင့် တရုတ်နှင့် ရုရှားအစိုးရများ၏ ထိခိုက်စေသည့် လုပ်ရပ်များကြောင့် ဖြစ်ပေါ်ရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် အမေရိကန်အနေဖြင့် အင်အားကောင်းသည့် အနေအထားမှ ကမ္ဘာကို ဦးဆောင်ရမည်ဟု ဘိုင်ဒင်က ပြောကြားထားသည်။

“ဘရပ်ဆဲလ်ကို ရောက်တဲ့အခါ ကျွန်တော့်အနေနဲ့ ဥရောပကော်မရှင် ဥက္ကဌ၊ ဥရောပကောင်စီ ဥက္ကဌတို့နဲ့ တွေ့ဆုံပြီး ကမ္ဘာပေါ်က စိန်ခေါ်မှုတွေကို အမေရိကန်နဲ့ ဥရောပတို့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးသွားပါမယ်။ ဈေးကွက်ဒီမိုကရေစီကို ဖော်ဆောင်ဖို့ အဓိကထားသွားမှာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ နည်းပညာကဏ္ဍအတွက် ၂၁ ရာစုရဲ့ စည်းမျဉ်းတွေကို တရုတ်သို့မဟုတ် အခြားနိုင်ငံတွေကို ရေးဆွဲပြဌာန်းခွင့် ပေးသွားမှာ မဟုတ်ပါဘူး။ တစ်ခုတည်းသော ဥရောပဖြစ်စေရေး ရည်မှန်းချက်၊ လွတ်လပ်ရေး၊ငြိမ်းချမ်းရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု လည်း ဘိုင်ဒင်က ဆောင်းပါးတွင် ရေးသားထားသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးဆုံးသွားသည်ဖြစ်စေ၊ ဆိုးရွားလာတဲ့ ရာသီဥတုပြဿနာ ပြေလည်သွားသည်ဖြစ်စေ၊ တရုတ်နဲ့ ရုရှားအစိုးရတို့ရဲ့ ထိခိုက်စေတဲ့ လုပ်ရပ်တွေနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ အမေရိကန်အနေနဲ့ အင်အားတောင့်တင်းနဲ့အနေအထားတစ်ခုကနေ ကမ္ဘာကို ဦးဆောင်သွားရပါမယ်” ဟုလည်း ဖော်ပြထားသည်။

ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်‌ရေးတွင် အမြန်ဆုံးလိုအပ်ပြီး အထောက်အပံ့ဖြစ်စေမည့် ရုပ်ပိုင်း၊ ဒစ်ဂျစ်တယ်နှင့် အခြေခံ အဆောက်အဦကဏ္ဍများ တိုးတက်စေရေးအတွက် အဆင့်အတန်းမြင့် နည်းလမ်းများကို ဒီမိုကရေစီနိုင်ငံကြီးများက တရုတ်နိုင်ငံသို့ ပေးသင့်ကြောင်းလည်း ဘိုင်ဒင်က လာမည့်အပတ်တွင် ဗြိတိန်၌ ကျင်းပမည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပြောကြားလိုက်သည်။

အမေရိကန်နှင့် မဟာမိတ်တို့၏ လုံခြုံရေးကို ထိခိုက်စေနိုင်သော တရုတ်စစ်ဘက်နှင့် ထောက်လှမ်းရေးဆိုင်ရာ ကုမ္ပဏီ ၅၉ ခုတွင် အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်းအား တားမြစ်သည့် အထူးအမိန့်တစ်ရပ်ကို အိမ်ဖြူတော်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတဘိုင်ဒင်က ယခုကဲ့သို့ မှတ်ချက်များ ပြုလိုက်ခြင်း ဖြစ်သည်။

သမ္မဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ကုမ္ပဏီ ၄၄ ခုသာ စာရင်းတွင်ပါ ရှိခဲ့ပြီး ဘိုင်ဒင်လက်ထက်တွင် အရေအတွက် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required