မိမိတို့ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုကို ဂရုစိုက်ရန် တရုတ်က အမေရိကန်ကို ပြောကြား

မိမိတို့ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုကို ဂရုစိုက်ရန် တရုတ်က အမေရိကန်ကို ပြောကြား

လွန်ခဲ့သည့် ၃၂ နှစ်က တီယန်မင်ရင်ပြင် ဆန္ဒပြမှု၌ တရုတ်အစိုးရက ဖြိုခွဲမှုကြောင့် သေဆုံးသူများအား ဂုဏ်ပြုမည်၊ လူ့အခွင့်အ‌ရေး လှုပ်ရှားသူများကို ဆက်လက်ပံ့ပိုးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလန်ကင်က ပြောကြားခဲ့ပြီးနောက် အမေရိကန်အနေဖြင့် မိမိတို့၏ ဆိုးရွားသော လူ့အခွင့်အရေးပြဿနာများကိုသာ သတိပြုရန် တရုတ်အစိုးရက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်းက ဇွန် ၄ ရက်တွင် ပြောကြားလိုက်သည်။

၁၉၈၉ ခုနှစ်၊ ဇွန် ၄ ရက်တွင် နိုင်ငံရေးစနစ်ပြောင်းလဲရန်နှင့် အစိုးရအရာရှိများ၏ အကျင့်ပျက်ခြစားမှုများကို ထိန်းချုပ်ရန် ရက်သတ္တပတ်များစွာ ဆန္ဒပြတောင်းဆိုသည့် ဒေသခံများနှင့် ကျောင်းသားများကို စစ်သားများက ပစ်ခတ်ခဲ့သည်။

အဆိုပါ ဖြိုခွဲမှုတွင် ဆန္ဒပြသူ ၁၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ခန့်မှန်းထားသည်။

မျက်မြင်ကိုယ်တွေ့မကြုံခဲ့ရသည့် တရုတ်လူငယ်များအား အစိုးရက ဖုံးကွယ်ရန် ယင်းဖြစ်ရပ်နှင့် ဆိုင်သည့် အထိမ်းအမှတ်များ မကျင်းနိုင်ရန် တားဆီးခြင်း၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းနှင့် နည်းပညာပြဿနာ အကြောင်းပြချက်ဖြင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို ဟန့်တားခဲ့သည်။

ဇွန်၄ ရက်က လူမှုမီဒီယာအသုံးပြူသူများအား WeChat နှင့် Weibo ပေါ်တွင် ဖယောင်းတိုင် သင်္ကေတအီမိုဂျီတင်ခြင်းအား တားမြစ်ခဲ့သလို ဖြိုခွဲမှုပြုလုပ်သည့် ရက်စွဲဖြစ်သော ‘64’ အား တွစ်တာကဲ့သို့အသုံးပြုသည့် Weibo တွင် ပိတ်ပစ်ခဲ့သည်။

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းကို လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် စုဝေး၍ ကျင်းပခြင်းကို ရဲတပ်ဖွဲ့များဖြင့် တားမြစ်ခဲ့သည်။ ဆုတောင်းပွဲ ဦးဆောင်ကျင်းပမည့်သူတစ်ဦးကိုလည်း ဇွန် ၄ ရက် မနက်ပိုင်းက ဖမ်းဆီးလိုက်သည်။

အမေရိကန်အနေဖြင့် လူနည်းစုများမှ ရွှေ့ပြောင်းအခြေချသူများအပေါ် ဆက်ဆံပုံအထိ မိမိတို့၏ လူ့အခွင့်အရေး ပြဿနာအများအပြားကိုသာ သတိထားရန် ဝမ်က ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီက တီယန်မင်ရင်ပြင် ဖြိုခွဲမှု နှစ် ၃၀ပြည့်သည့် ၂၀၁၉ ခုနှစ်က နိုင်ငံပိုင် Global Times ၏ သတင်းစာအသေးတွင် ယင်းဖြိုခွဲမှုနှင့် နောက်ဆက်တွဲ ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရ အောင်မြင်မှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required