ကိုဗစ်ကာကွယ်ဆေး အကူအညီအတွက် တောင်အာရှနိုင်ငံတွေက တရုတ်နဲ့ ရုရှကို အားထားလာ 

ကိုဗစ်ကာကွယ်ဆေး အကူအညီအတွက် တောင်အာရှနိုင်ငံတွေက တရုတ်နဲ့ ရုရှကို အားထားလာ 
Photo - AFP

ဇွန် ၁၀

သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကစလို့ ကိုယ်ဝန်သည်အမျိုးသမီးတွေကို တရုတ်ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံပေးပြီဖြစ်သလို နီပေါနိုင်ငံဟာလည်း တရုတ်ထုတ် ကာကွယ်ဆေးနဲ့ ဆေးထိုးနှံပေးမှု လုပ်ငန်းစဉ်ကို ပြန်စလာနိုင်ပြီ ဖြစ်ပါတယ်။ 

အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေး အထောက်အပံ့ အကူအညီအတွက် တရုတ်နဲ့ ရုရှတို့ကို အားထားလာရတာကြောင့်ပဲ ဖြစ်ပါတယ်။ 

နီပေါနိုင်ငံဟာ AstraZeneca ကိုဗစ်ကာကွယ်ဆေးနဲ့ တရုတ်ထုတ် Sinopharm ကာကွယ်ဆေးတွေ ပြတ်လပ်သွားတာကြောင့် မေလကုန်မှာ ကာကွယ်ဆေး ထိုးနှံပေးမှုကို ရပ်နားထားရတာပါ။  

နီပေါရဲ့ ဆေးအကူအညီ တောင်းခံတာအတွက် လက်ရှိအထိ ပထမဆုံး တုံ့ပြန်ကူညီတဲ့ နိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ Sinopharm ကာကွယ်ဆေး တစ်သန်း ပေးပို့လာခဲ့တာကြောင့် အင်္ဂါနေ့မှာ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ပြန်စတင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အရင်ကတော့ အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့ ဆေးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute က ထုတ်လုပ်တဲ့ AstraZeneca ကာကွယ်ဆေးတွေ နီပေါနိုင်ငံဆီ ပေးပို့ပြီး ကူညီခဲ့ပေမယ့် ပြည်တွင်းမှာ ကူးစက်ပြန့်နှံ့မှု ထိုးတက်တာကြောင့် ဆေးတင်ပို့မှုကို မတ်လအတွင်းက ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ 

“နီပေါဟာ အိမ်နီးချင်းတွေအပြင်၊ အမေရိကန်၊ ရုရှနဲ့ အခြားနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများကို အကူအညီ တောင်းခံထားပေမယ့် ခုထိတော့ ထပ်တိုး ဆေးဝါးတွေ မရောက်လာသေးဘူး”လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဆာမီကူမားက အေအက်ဖ်ပီကို ပြောပါတယ်။ 

တစ်ချိန်တည်းမှာပဲ သီရိလင်္ကာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရုတ်ကနေ Sinopharm ကာကွယ်ဆေး နှစ်သန်း လက်ခံရရှိပြီးနောက်မှာ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့ပါတယ်။ 

ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ စတင်ပြီး ကိုယ်ဝန်သည်တွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပါတယ်။ 

ပြင်းထန်ရက်စက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တတိယလှိုင်းအလယ် ရောက်ရှိနေတဲ့ သီရိလင်္ကာကျွန်းနိုင်ငံဟာ ရုရှထံကနေ Sputnik V ကာကွယ်ဆေး ၁၃ သန်းကို ဝယ်ယူနေကြောင်း ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။ 

လာမယ့် နှစ်အစောပိုင်းမှာတင် အရွယ်ရောက်ပြီးသူအားလုံး ကာကွယဆေး ထိုးနှံပေးပြီးဖို့ မျှော်လင့်ထားကြောင်း သီရိလင်္ကာ ကိုဗစ်-၁၉ တုံ့ပြန်ရေး အကြီးအကဲ စစ်ဦးစီးချုပ်ဖြစ်သူ ရှာဗန်ဒရာဆေးဗားက ပြောခဲ့ပါတယ်။ 

ဒေသတွင်း အခြားနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ဆေးအထောက်အပံ့ တစစ နည်းလာတာကြောင့် ဧပြီနှောင်းပိုင်းကစပြီး AstraZeneca ကာကွယ်ဆေးရဲ့ ဒုတိယဆေးကိုပဲ ထိုးနှံပေးနေရပါတယ်။ 

နိုင်ငံအနေနဲ့ တရုတ်ထုတ် Sinopharm ကာကွယ်ဆေး သန်း ၅၀ ဝယ်ယူလိုကြောင်း ကျန်းမာရေးဝန်ကြီး ဇာဟစ်မာလိစ်က ပြီးခဲ့တဲ့လအတွင်း ပြောထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အေကေအက်ဒူမိုမန်ကလည်း ရုရှသံအမတ်ကြီးနဲ့ တွေ့ဆုံပြီးနောက်မှာ ရုရှထုတ် Sputnik ကာကွယ်ဆေး ငါးသန်း ဝယ်ယူလိုကြောင်း ဒီ သီတင်းပတ်အတွင်းမှာ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly