မုံရွာ၊ ဒီဇင်ဘာ ၄။ ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်မြောက် ၃၅မိုင်ခန့် အကွာတွင် နိုဝင်ဘာ၂၇ ရက်က အင်အား ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိဘုရားစေတီပေါင်း ၁၀၀ ကျော် ထီးတော်မြေခခဲ့ပြီး ကျပ်သိန်း(၁၅၀၀)ကျော်ဖိုးပျက်စီးဆုံးရှုံးခဲ့ကြောင်း ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။
ကနီမြို့မှ စေတီ ၉၉ ဆူ နှင့် ဘုတလင်မြို့မှ ဘုရားစေတီ ၃ ဆူ၊ စုစုပေါင်း ဘုရားစေတီပေါင်း ၁၀၂ ဆူတို့မှ ထီးတော်များ မြေခခဲ့ခြင်းဖြစ်ပြီး ကနီမြို့မှ သမိုင်းဝင် ရွှေမြင်းဖြူ တောင် ပေါ်မှရွှေမြင်းဖြူ အရံစေတီတစ်ဆူ၊ အမှတ် (၂)ရပ်ကွက်မှ ရှင်ပင်စစ်သား စေတီ၊အမှတ်(၃) ရပ်ကွက်မှ အောင်သိဒ္ဓိ စေတီစသည့် သမိုင်းဝင်ဘုရားများ လည်းပါဝင်ခဲ့ကြောင်း သိရသည်။
ဘုရားစေတီများ ထီးတော်မြေခဲ့သည့်အတွက် ဆုံးရှုံးမှု တန်ဖိုးကျပ်သိန်းပေါင်း (၁၅၀၈ ဒသမ ၃၈) သိန်းဖြစ်ပြီး ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေလိုအပ်နေပြီး လှူဒါန်းလိုပါက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လှူဒါန်းနိုင်ကြောင်း ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးညွှန့် ကပြောသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ကနီမြို့နယ်၊ ရေဦးမြို့နယ်၊ဒီပဲယင်းမြို့နယ်၊ တို့တွင် သက်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ် တို့တွင်ဘုရားစေတီများ ထီးတော်မြေခခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့ခြင်းဖြစ်သည်။