အမေရိကန်အမတ်တွေ ထိုင်၀မ်ကို ရောက်ရှိ၊ ကိုဗစ်ကာကွယ်ဆေး လှူဒါန်းမယ်လို့ ကြေညာ

အမေရိကန်အမတ်တွေ ထိုင်၀မ်ကို ရောက်ရှိ၊ ကိုဗစ်ကာကွယ်ဆေး လှူဒါန်းမယ်လို့ ကြေညာ
Photo - AFP

ဇွန် ၆

အမေရိကန် အထက်လွှတ်တော်အမတ် သုံးဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ဇွန်လ ၆ ရက်က ထိုင်၀မ်ကို ရောက်ရှိလာခဲ့ပြီး ၀ါရှင်တန်ဘက်က ယင်းရဲ့ မဟာမိတ်အတွက် ကိုရိုနာဗိုင်းကာကွယ်ဆေးအလုံးရေ ၇၅၀,၀၀၀ လှူဒါန်းမယ့်အကြောင်း ကြေညာသွားခဲ့ပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံအလောက် ရယူနိုင်ရေး မိမိတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပေကျင်းက ဟန့်တားနေတယ်ဆိုပြီး ထိုင်၀မ်က စွပ်စွဲခဲ့ပြီးနောက် ခုလိုမျိုး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ထိုင်၀မ် ခရီးစဉ်နဲ့ လက်ဆောင်ပေးအပ်မှုတွေ ပေါ်‌ပေါက်လာခဲ့တာဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ၀င် ဆိနိတ်တာတွေဖြစ်ကြတဲ့ တမ်မီ ဒက်ခ်၀ါ့သ်၊ ခရစ်တိုဖာ ကွန်းစ်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဒန် ဆူလီဗန်တို့ ပါ၀င်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်စစ်လေယာဥ်တစ်စင်းနဲ့အတူ တိုင်ပေရဲ့ ဆုန်ရှန်း လေဆိပ်ကို ဇွန်လ ၆ ရက် မနက်ပိုင်းမှာ ဆိုက်ရောက်ခဲ့ကြပါတယ်။

“မိတ်ဆွေတွေအနေနဲ့ ကျွန်မတို့ ဒီကို ရောက်လာတာပါ၊ ဘာလို့လဲဆိုတော့ ထိုင်၀မ်ဟာ ခုချိန်ကာလမှာ ခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုတာ ကျွန်မတို့ သိပါတယ်၊ ဒါကြောင့်လည်း ပါတီနှစ်ရပ်စလုံးပါ၀င်တဲ့ ကျွန်မတို့ လွှတ်တော်အမတ် သုံးဦး ဒီကို လာခဲ့ကြတာဖြစ်ပါတယ်” လို့ ဒက်၀ါ့သ်က ပြောပါတယ်။

“ကိုဗစ် ကာကွယ်ဆေးတွေ လက်ခံရရှိမယ့် ပထမဆုံးအသုတ်ထဲမှာ ထိုင်၀မ်ကို ထည့်သွင်းဖို့က အမေရိကန်အတွက် အင်မတန် အရေးကြီးပါတယ်၊ ဘာလို့လဲ ဆိုတော့ ထိုင်၀မ်ရဲ့ အရေးတကြီး လိုအပ်နေမှုကို ကျွန်မတို့ သိရှိသလို အမေရိကန်-ထိုင်၀မ် ပူးပေါင်းဆောင်ရွက်မှုကို ကျွန်မတို့ တန်ဖိုးထားလို့ ဖြစ်ပါတယ်” လို့လည်း ၎င်းက ပြောသွားပါတယ်။

အမေရိကန်အနေနဲ့ ကမ္ဘာတ၀န်း ကာကွယ်ဆေးလိုအပ်နေတဲ့ နိုင်ငံတွေအတွက် ကာကွယ်ဆေး အလုံး ၂၅ သန်းခန့် ပေးအပ်မယ်ဆိုပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ အပတ်မှာ ကြေညာခဲ့ပြီး အများစုကိုတော့ ကမ္ဘာလုံးဆိုင်ရာ ကိုဗက် ကာကွယ်ဆေးဝေမျှမှု အစီအစဥ်ကနေတဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။

ခုလိုမျိုး အမေရိကန်အာဏာပိုင်တွေဘက်က စစ်လေယာဉ်သုံးပြီး လွှတ်တော်အမတ်တွေကို ထိုင်၀မ်ကို ပို့ဆောင်ပေးတာကတော့ အတော်လေး တစ်မူထူးခြားနေပါတယ်။

၀ါရှင်တန်ကတော့ ထိုင်၀မ်ရဲ့ အကြီးဆုံး မဟာမိတ်အဖြစ် ဆက်ရှိနေပေမယ့် ယင်းဟာ  ပေကျင်းကို တရား၀င် အသိအမှတ်ပြုထားတဲ့အတွက် တိုင်ပေနဲ့အကြား အပြည့်အ၀ သံတမန်ဆက်ဆံရေးကိုတော့ ထိန်းသိမ်းထားခြင်း မရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly