သီရိလင်္ကာမှာ နစ်မြုပ်ကုန်သင်္ဘောအား စူးစမ်းရေးလုပ်ငန်းစဉ် ရာသီဥတုအခြေအနေကြောင့် လက်လျှော့ 

သီရိလင်္ကာမှာ နစ်မြုပ်ကုန်သင်္ဘောအား စူးစမ်းရေးလုပ်ငန်းစဉ် ရာသီဥတုအခြေအနေကြောင့် လက်လျှော့ 
Photo - AFP

ဇွန် ၄

သီရိလင်္ကာနိုင်ငံ ကိုလံဘို အဓိကဆိပ်ကမ်းမှာ ရေနံယိုဖိတ်မှု ဖြစ်မှာ ခြိမ်းခြောက်နေတဲ့ နစ်မြုပ်ကုန်တင်သင်္ဘောကို ကြာသပတေးနေ့က စူးစမ်းစစ်ဆေးမှုကို ပင်လယ်လှိုင်းကြမ်းတာနဲ့ မြင်ကွင်းမရှင်းတာတွေကြောင့် သီရိလင်္ကာ ရေငုပ်သမားတွေဟာ လက်လျှော့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေပြီဖြစ်တဲ့ MV X-Press Pearl သင်္ဘောဆီကို ရေငုပ်သမားအဖွဲ့ ရောက်ရှိလာပြီး စူးစမ်းစစ်ဆေးရေး ဆောင်ရွက်ခဲ့ပေမယ့် မစ်ရှင်ကို အဆုံးမသတ်နိုင်ခဲ့ဘူးလို့ ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရာသီဥတုအခြေအနေကြောင့် ရေအောက်မှာ သင်္ဘောကို စူးစမ်းစစ်ဆေးမှုကို ဖျက်သိမ်းခဲ့ရတယ်လို့ အဆိုပါ ရေတပ်ရေငုပ်သမားအဖွဲ့ကို ညွှန်ကြားမှုပေးနေတဲ့ ဒိန်းမတ် ကယ်ဆယ်ရေးကုမ္ပဏီ SMIT က ပြောပါတယ်။ 

“ညွှန်ကြားချက်နဲ့အညီ ကုန်တင်သင်္ဘောကို စူးစမ်းစစ်ဆေးဖို့ ရေငုပ်သမားတွေ ကြိုးစားခဲပါတယ်၊ ဒါပေမယ့် မြင်ကွင်းမရှင်းတာကြောင့် ရေပေါ် ပြန်တက်ခဲ့ကြရတယ်”လို့ SMIT ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

သီတင်းနှစ်ပတ်လောက်ကြာ မီးလောင်ခဲ့တဲ့ စင်ကာပူမှတ်ပုံတင် အခု သင်္ဘောမှာ ရေနံတန်ချိန် ၃၅၀ တန် တင်ဆောင်လာတာကြောင့် ယိုဖိတ်မှုကနေ ပင်လယ်မျက်နှာပြင်မှာ ရေနံတွေ ပျံ့နှံ့ညစ်ညမ်းမှာအတွက် ရေပြင်သဘာဝတ်ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့က ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ 

အင်္ဂါနေ့ကမှ မီးငြိမ်းသွားတဲ့ အဲဒီ သင်္ဘောကနေ မီးလောင်ကျွမ်း ပလတ်စတစ် အစအနတွေကြောင့် ကမ်းခြေတွေ ညစ်ညမ်းမှုဖြစ်ပြီး သီရိလင်္ကာနိုင်ငံအတွက် အဆိုးဆုံး ရေပြင်သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ 

သင်္ဘောဟာ လက်ရှိမှာ ပဲ့ပိုင်းက ပင်လယ်ကြမ်းပြင်ဆီ နစ်မြုပ်နေပြီး ဦးပိုင်းကလည်း တဖြေးဖြေး နစ်မြုပ်နေလျက် ရှိတာကြောင့် ရေနေသတ္တဝါတွေအတွက် ဘေးအန္တရာယ် ခြိမ်းခြောက်မယ့် ရေနံယိုဖိတ်မှု ဖြစ်လာမှာကို သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက စိုးရိမ်ပူပန်လျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly