တရုတ်ကို တန်ပြန်ရင်ဆိုင်သောအားဖြင့် ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများကို သိသိသာသာ တိုးမြှင့်

By Express UK
04 June 2021
တရုတ်ကို တန်ပြန်ရင်ဆိုင်သောအားဖြင့် ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများကို သိသိသာသာ တိုးမြှင့်

ဖိလစ်ပိုင်နိုင်ငံသည် အကြိတ်အနယ် အငြင်းပွားပြိုင်ဆိုင်မှုများရှိနေသော တောင်တရုတ်ပင်လယ်တွင် ရေတပ်ရေယာဉ်သင်္ဘောများဖြင့် ကင်းလှည့်မှု အရေအတွက်ကို တိုးမြှင့်ထားခဲ့ပြီး ထိုသို့ တိုးမြှင့်ခြင်းသည် ပြီးခဲ့သည့် နှစ်များအတွင်း မြင်တွေ့ထားခဲ့သည်များထက် ကျော်လွန်နေကြောင်း ရေယာဉ်သင်္ဘော ထောက်လှမ်းစောင့်ကြည့်ရေး ဒေတာအချက်အလက်သစ်များအရ သိရသည်။

မနီလာ ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံ၏ အထူးသီးသန့်စီးပွားရေးဇုန်ကို ချိုးဖောက်၀င်ရောက်မှုများ လုပ်ထားသည့် တရုတ် စစ်ဘက်နှင့် ငါးဖမ်းသင်္ဘောများကို စတင်တန်ပြန်ရင်ဆိုင်ထားခဲ့သည်။

ယခုအခါ ဖိလစ်ပိုင် ခေါင်းဆောင် သမ္မတ ရိုဒရီဂို ဒူတာတေးသည် တောင်တရုတ်ပင်လယ်တွင် ရေတပ် ကင်းလှည့်မှုအရေအတွက်ကို သိသိသာသာ တိုးမြှင့်ရန် ညွှန်ကြားထားသည်ဖြစ်ရာ ယင်းက တရုတ်၏ အင်အားကြီးမားသော စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့မည့် အန္တရာယ်အခြေအနေကို တိုးမြင့်စေလျက် ရှိသည်။

အာရှဒေသ ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့ (AMTI) က ရယူထားခဲ့သည့် ရေယာဥ်သင်္ဘော ထောက်လှမ်းစောင့်ကြည့်ရေး ဒေတာအချက်အလက်များအရ မတ်လ ၁ ရက်နှင့် မေလ ၂၅ ရက်အကြားကာလအတွင်း အပြင်းအထန် အငြင်းပွားယှဉ်ပြိုင်နေသည့် Spratly ကျွန်းစုနှင့် Scarborough ရေတိမ်သောင်ခုံကျွန်းစုနေရာ အနီး၀န်းကျင်တွင် ဖိလစ်ပိုင် ရေတပ်သင်္ဘောများသည် ကင်းလှည့်မှုပေါင်း အနည်းဆုံး ၅၇ ခုအထိ လုပ်ဆောင်ထားခဲ့ကြောင်း သိရှိရသည်။

“ယင်းသည် ပြီးခဲ့သည့် ၁၀ လအတွင်း သိသာများပြားသော အရေအတွက်တိုးပွားမှုတစ်ခု ဖြစ်သည်” ဟု AMTI က မကြာသေးခင်က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် မှတ်ချက်ပြုထားသည်။

“ရေယာဥ်သင်္ဘော သုံးစင်းကို ထောက်လှမ်းခဲ့ရာမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဧရိယာတွေကို စုစုပေါင်း ခရီးစဉ် ခုနစ်ခေါက် သွားခဲ့တာကို တွေ့ခဲ့ရပါတယ်”

ဖိလစ်ပိုင် စစ်တပ်၏ ယခု လှုပ်ရှားမှုမျိုးသည် မကြာ‌သေးသည့် နှစ်များအတွင်း တွေ့မြင်ထားခဲ့ရသည့် လှုပ်ရှားမှုအတိုင်းအတာကို ကျော်လွန်နေခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ရေးသားသူများက မှတ်ချက်ပြုသည်။

မကြာသေးသော နှစ်များက ပေကျင်းသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား နယ်မြေများကို ယင်းပိုင်အဖြစ် အရေးဆိုရန် အဆောက်အအုံများကို စတင်တည်ဆောက်ခဲ့သည်။

တရုတ်သည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ ပိုင်ဆိုင်ကြောင်း အရေးဆိုထားသည့် ပင်လယ်ရေတိမ် သောင်ခုံနေရာများတွင် ခံစစ်ပြင် လက်နက်တပ်ဆင်မှု လုပ်ခဲ့ရာ မနီလာနှင့် ဟနွိုင်းကို အမျက်ဒေါသထွက်စေခဲ့သည်။

“မကြာ‌သေးခင်က လုပ်ခဲ့တဲ့ ကင်းလှည့်မှုတွေမှာတော့ Second Thomas ရေတိမ်သောင်ခုံကိုပါ ထည့်သွင်းထားခဲ့ပါတယ်၊ အဲဒီ သောင်ခုံကတော့ ဖိလစ်ပိုင်က သိမ်းပိုက်ထားပေမယ့် တရုတ်က နေ့စဉ်နေ့တိုင်း ကင်းလှည့်ထားခဲ့ပါတယ်၊ ပြီးတော့ မကြာသေးခင်က တပ်ဖွဲ့ရေယာဉ် အစုအဖွဲ့ကို တွေ့ထားခဲ့တဲ့ Whitsun ကျောက်တန်း၊ Second Thomas အနီးက Sabina ရေတိမ်သောင်ခုံ နဲ့ ၂၀၁၂ နောက်ပိုင်း တရုတ်က အမြဲတမ်းရှိနေမှုအနေအထားတစ်ရပ်ကို ထိန်းထားတဲ့ Scarborough သောင်ခုံကျွန်းတို့ကိုလည်း ထည့်သွင်းထားပါတယ်” ဟု AMTI က ပြောသည်။

တရုတ်၏ ကျူးကျော်၀င်ရောက်မှုကို တားဆီးကာကွယ်ရန် ဖိလစ်ပိုင်ဘက်က အားထုတ်မှုများ လုပ်နေသော်ငြား ဖိလစ်ပိုင်၏ ကင်းလှည့်စောင့်ကြပ်မှု လုပ်‌ဆောင်ချက်များသည် တရုတ်၏ ဒေသတွင်း ရှိနေမှုနှင့် ယှဥ်ပါက သေးသိမ်လျက် ရှိကြောင်း AMTI က သတိပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly