သီရိလင်္ကာမှာ နှစ်ပတ်နီးပါးကြာ မီးငြှိမ်းသတ်ခဲ့ရတဲ့ ကုန်တင်သင်္ဘော စတင်နစ်မြုပ်လာ

သီရိလင်္ကာမှာ နှစ်ပတ်နီးပါးကြာ မီးငြှိမ်းသတ်ခဲ့ရတဲ့ ကုန်တင်သင်္ဘော စတင်နစ်မြုပ်လာ
Photo - AFP

ဇွန် ၃

သီရိလင်္ကာနိုင်ငံအတွက် အဆိုးဝါးဆုံး ရေပြင်သဘာဝပတ်ဝန်းကျင် ကပ်ဘေးကို ဖြစ်ပေါ်စေတဲ့ မီးလောင်ကျွမ်းခဲ့တဲ့ ကုန်တင်သင်္ဘောဟာ လောင်စာကန်ထဲ ရေနံ တန်ချိန် ၃၅၀ နီးပါးနဲ့အတူ ဗုဒ္ဓဟူးနေ့မှာ စတင်နစ်မြုပ်လာလျက် ရှိပါတယ်။ 

ဓာတုပစ္စည်းနဲ့ ပလတ်စတင် ကွန်တိန်နာ ရာပေါင်းများစွာ တင်ဆောင်လာတဲ့ MV X-Press Pearl သင်္ဘောကြီးဟာ ကိုလံဘိုဆိပ်ကမ်း အပြင်ဖက်မှာ ၁၃ ရက်ကြာ မီးလောင်နေခဲ့ရာမှ အင်္ဂါနေ့ကမှ မီးကို ငြှိမ်းသတ်နိုင်ခဲ့တာပါ။ 

တန်ချိန် ၃၁၆၀၀ တန်ရှိတဲ့ မီးခိုးအူနေဆဲ သင်္ဘောကြီးကို ပင်လယ်နက်ထဲ ဆွဲသွားဖို့ ဒိန်းမတ်ကယ်ဆယ်ကုမ္ပဏီ SMIT က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ 

ကိုလံဘိုရဲ့ မြောက်စွန်းစွန်းမှာရှိတဲ့ ပါမူနူဂါမာအရပ်နားမှာ ရေအောက်မီတာ ၂၂ မီတာ(၇၂ ပေ) ပင်လယ်အောက်ကြမ်းပြင်ပေါ် သင်္ဘောရဲ့ ပဲ့ပိုင်း နစ်မြုပ်ကျရောက်သွားပြီလို့ ရေတပ်ပြောခွင့်ရသူ အင်ဒီကာဒီဆီဗားက ပြောပါတယ်။ 

“ဦးပိုင်းကတော့ ရေပေါ် ပေါ်နေဆဲပါ၊ ဒါပေမဲ့ ပဲ့ပိုင်းဟာ နစ်မြုပ်သွားခဲ့ပြီဖြစ်ပြီး ပင်လယ်ကြမ်းပြင်မှာ ဆိုက်ရောက်နေပါပြီ”လို့ ဆီဗားက ဆိုပါတယ်။ 

သင်္ဘော ပဲ့ပိုင်း ရေပေါ် ပြန်ပေါ်လာအောင် ဘယ်လို လုပ်ကြမလဲဆိုတာ ပညာရှင်တွေက စဉ်းစားနေကြဆဲဖြစ်ပြီး အရှည် ၁၈၆ မီတာရှိတဲ့ ဒီ သင်္ဘောကြီးကို အားကောင်းတဲ့ ဆွဲသင်္ဘောတစ်စင်းနဲ့ ဆိုင်းကြိုးတွေ တွဲထားဆဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်တဲ့ သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

ပလတ်စတစ် အပျက်အစီး အစအန တန်ချိန်များစွာဟာ ကမ်းခြေတွေကို ဖုံးလွှမ်းနေပြီး သင်္ဘောပေါ်က လောင်စာဆီတွေ အိန္ဒိယသမုဒ္ဒရာထဲ ယိုဖိတ်လာပြီး သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်လာတော့မှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ 

စင်ကာပူမှတ်ပုံတင် အဲဒီ သင်္ဘောရဲ့ ပဲ့ပိုင်းကနေ ထွက်ရှိလာတဲ့ ရေနံစီးကြောင်းငယ်ကို တွေ့ရှိရတယ်လို့ ဖြစ်ပွားရာ ဧရိယာဆီ ရောက်ရှိတဲ့ အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက်က ပြောပါတယ်။ 

ကိုလံဘိုက ကီလိုမီတာ ၄၀ အကွာလောက်က နီဂွမ်ဘိုကမ်းခြေနားမှာ ရေနံအချို့ တွေ့ရပေမယ့် သင်္ဘောပေါ်က ယိုစိမ့်လာတဲ့ ရေနံတွေလားဆိုတာတော့ မသိနိုင်သေးပါ။ 

အပြည်ပြည်ဆိုင်ရာ ရေကြောင်းပညာရှင်နဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒန်ဂူနာဆီကီရာကတော့ ရေငုပ်သမားတွေက သင်္ဘောရဲ့ လောင်စာကန်ထဲကနေ ရေနံတွေကို ဘေးကင်းစွာ စုပ်ထုတ်နိုင်ကြလိမ့်ပါမယ်လို့ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly