အလောင်းတွေမီးရှို့ပေးနေတဲ့ KNDF တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်

အလောင်းတွေမီးရှို့ပေးနေတဲ့ KNDF တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်

ဇွန် ၂

ဒီးမော့ဆိုတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကိုလာကောက်တာမရှိလို့ မီးရှို့ပေးနေတဲ့ KNDF တပ်ဖွဲ့ဝင်တွေဆီကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခဲ့တယ်လို့သိရပါတယ်။

“တာယာတွေနဲ့လုံးပြီးရှို့လိုက်တော့ အမြောက်တွေနဲ့ပဲထုတာပါ။ သူတို့ကမီးခိုးတွေဘာတွေ ထွက်တာတွေ့တာနဲ့ပစ်တာပေါ့။  အချိန်ခဏပဲဖြစ်သွားတာပါ။ လွိုင်ကော်မြို့ထဲကနေ ဒီမောဆိုဖက်ကို လက်နက်ကြီး လေးလုံးနဲ့လှမ်း ပစ်တယ် ” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့က မဇ္ဈိမ ကိုပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်မှုတော့မရှိခဲ့ဘူးလို့လဲ ဆိုပါတယ်။ မဇ္ဈိမက အတည်ပြုလို့ရသလောက်တော့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်း ၆ လောင်းလောက်ကို မီးရှို့ပေးတာပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာမြင်တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) အကြား မေလ ၃၁ ရက်နေ့က တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖက်က ၈၀ ထက်မနည်းသေဆုံးသွားတယ်လို့လည်း KNDF က သတင်းထုတ်ပြန်ထားပြီပါပြီ။

အဲ့အထဲကတချို့အလောင်းတွေကို စစ်ကောင်စီဘက်ကလာမကောက်လို့ KNDF က သွားရောက်မီးရှို့ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

အဲ့ဒီ့တိုက်ပွဲကနေ အကြမ်းဖက် စစ်ကောင်စီဆီက လက်နက်ကြီး ၆၀ မမ နဲ့  လက်နက်ငယ် (၂၀) လက်လောက်ကို သိမ်းဆည်းရမိတယ်လို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) က ဇွန် ၁ ရက်နေ့ညမှာ ထုတ်ပြန်ကြေညာထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်နှစ်စီးအသုံးပြု ပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် KNDF ဖက်က ၁ ဦးကျဆုံးပြီး ၆ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှအကြောင်းမဲ့ပစ်သတ်မှုတွေကြောင့် ကရင်နီပြည်မှာ ကျဆုံးသူ စုစုပေါင်း ၃၁ ဦးအထိရှိသွားပြီးဖြစ်တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly