ဆယ့်သုံးရက်ကြာ မီးလောင်ခဲ့တဲ့ ကုန်တင်သင်္ဘောကြောင့် သီရိလင်္ကာနိုင်ငံ ရေပြင်သဘာဝဘေးနဲ့ ရင်ဆိုင်နေရ 

ဆယ့်သုံးရက်ကြာ မီးလောင်ခဲ့တဲ့ ကုန်တင်သင်္ဘောကြောင့် သီရိလင်္ကာနိုင်ငံ ရေပြင်သဘာဝဘေးနဲ့ ရင်ဆိုင်နေရ 
Photo - AFP

ဇွန် ၂

သီရိလင်္ကာနိုင်ငံမှာ အဆိုးဝါးဆုံး ရေပြင်ဂေဟစနစ် သဘာဝဘေးကို ဖြစ်ပေါ်စေတဲ့ ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှုကို ၁၃ ရက်က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ အင်္ဂါနေ့မှာ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့ပြီလို့ ရေတပ်က ပြောပါတယ်။ 

အခုလို သီတင်းနှစ်ပတ်လောက် မီးလောင်ခဲ့တဲ့ စင်ကာပူမှတ်ပုံတင် သင်္ဘောပေါ်က ပလတ်စတစ် အစအနတန်ချိန်များစွာဟာ ကမ်းခြေရေပြင် ကီလိုမီတာ ၈၀(မိုင် ၅၀) ကို ဖုံးလွှမ်းညစ်ညမ်းစေတာကြောင့် အကြီးစား ရှင်းလင်းရေး လုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ 

ဒီ မကြုံဖူးတဲ့ ရေပြင်ညစ်ညမ်းမှုကြောင့် ငါးဖမ်းတာတွေကို တားမြစ်ထားရပြီး ကမ်းခြေက မီးလောင်ကျွမ်း ပလတ်စတစ်အမှိုက်အစအန တန်ချိန်များစွာကို ရှင်းလင်းဖယ်ရှားဖို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကြက်ချထားရပါတယ်။ 

ဒိန်းမတ် ကယ်ဆယ်ရေးကုမ္ပဏီ SMIT က ပညာရှင်တွေဟာ မီးငြိမ်းသွားပြီဖြစ်တဲ့ MV X-Press Pearl သင်္ဘောပေါ်ကို အင်္ဂါနေ့က တက်ရောက်ခဲ့ပြီး အင်ဂျင်ခန်းတွေကို စစ်ဆေးခဲ့ပါတယ်။ 

သီရိလင်္ကာ ရေတပ်က ရေငုပ်အဖွဲ့ဟာလည်း သင်္ဘောနံဘေး ရေပြင်ထိစပ်မျဉ်းအောက် သင်္ဘောကိုယ်ထည်မှာ အက်ကွဲတာမျိုးတွေ ရှိမရှိ ရေငုပ်ရှာဖွေစစ်ဆေးကြကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

သင်္ဘောဟာ မေ ၂၀ ရက်က ကိုလံဘိုဆိပ်ကမ်းဆီ မဝင်ရောက်ခင်လေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။ 

မီးကို အစပိုင်းမှာ ထိန်းချုပ်နိုင်ပေမယ့် မုတ်သုံလေပြင်းကြောင့် မီးအားပြင်းလာပြီး မေ ၂၅ ရက်မှ သင်္ဘောအမှုထမ်းတွေကို ကယ်ထုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

မီတာ ၁၈၆ မီတာ( ပေ ၆၁၀) အရှည်ရှိတဲ့ အခု သင်္ဘောရဲ့ ပဲ့ပိုင်းဟာ ရေဝင်ရောက်တာကြောင့် တစ်မီတာလောက် နိမ့်ဆင်းသွားတယ်လို့ ရေတပ်ပြောခွင့်ရသူ ကပ္ပတိန် အန်ဒက်ကာဒီဆေးဗားက ပြောပါတယ်။ 

“အင်ဂျင်ခန်းရှိရာ ကုန်းပတ်ကို ရေပျက်ဖျန်းတာကနေ ရေဝင်ပြီး ဦးနဲ့ ပဲ့ တစ်ပြေးတည်း မရှိ ဖြစ်ရတာပဲ”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

နောက်ထပ် ရေဝင်တာမျိုး မဖြစ်ဖို့ ရေပက်ဖျန်းတာကို ရပ်လိုက်ပြီဖြစ်ပေမယ့် သင်္ဘောတစ်စင်းလုံးကို အလုံးစုံ စစ်ဆေးဖို့အတွက် အချို့နေရာတွေက အရမ်းပူလွန်းနေသေးကြောင်း သူက ပြောပါတယ်။ 

သီရိလင်္ကာနိုင်ငံ သမ္မတ ရာဂျာပတ်စာက နောက်ထပ် ကမ်းရိုးတန်း ပျက်စီးမှုတွေ မဖြစ်စေဖို့အတွက် ဆိပ်ကမ်းနား ကျောက်ချထားတဲ့ သင်္ဘောကို ပင်လယ်နက်ထဲ ပို့ဆောင်ဖို့ အမိန့်ထုတ်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly