အာဆီယံခေါင်းဆောင်များ ယခုအပတ်ထဲ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေ

အာဆီယံခေါင်းဆောင်များ ယခုအပတ်ထဲ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေ

ဇွန် ၁

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့သည် ယခုအပတ်ထဲ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း သံတမန် သတင်းရင်းမြစ် လေးဦးက ပြောသည်။

နိုင်ငံ ၁၀ နိုင်ငံဖြင့် ဖွဲ့ထားသော အုပ်စုအနေဖြင့် မြန်မာစစ်အာဏာသိမ်းမှုအပေါ် မည်သို့မည်ပုံ တုံ့ပြန်မည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး သဘောကွဲလွဲမှုများ ဆက်ရှိနေစဉ်ယခုအပတ်ထဲ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အဖွဲ့၀င်နိုင်ငံများ၏ ပြည်တွင်းရေး ၀င်မစွက်ဖက်ရဆိုသည့် မူ၀ါဒတစ်ရပ် ရှိသည့် အာဆီယံသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရတစ်ရပ်ထံမှ စစ်တပ်အာဏာသိမ်းယူလိုက်ခြင်းနှင့်အတူ ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရန်အတွက် အဓိကကျသော သံတမန်ဆိုင်ရာ အားထုတ်မှုကို ဦးဆောင်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် အရပ်သားခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သလို နိုင်ငံရေးယှဉ်ပြိုင်ဘက်များကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့ပြင် အာဏာသိမ်းစစ်တပ်သည် ဆန္ဒပြသူများကို လူသေဆုံးစေသည်အထိ လူမဆန်စွာ ဖြိုခွင်းထားခဲ့သလို ယခုအခါ ဒုက္ခသည်အကျပ်အတည်း ကြီးထွားနေခြင်း၊ စီးပွားရေးပြိုလဲခြင်းတို့ကို ဖြစ်ပေါ်ထားစေခဲ့သည်။

ဘရူနိုင်း ဒုနိုင်ငံခြားရေး၀န်ကြီး ဒါတို အာ၀မ် ပီဟင် ယူဆော့ဖ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့သည် ယခုအပတ်ထဲ မြန်မာ အာဏာသိမ်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်များက ပြောသည်။

ဘရူနိုင်းသည် ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်နေသည်။

တစ်ချိန်တည်းမှာပင် မြန်မာသို့ လာရောက်ခါနီး နောက်ဆုံးမိနစ်အချိန်များကျမှ သွားလာရေးနှင့် သံတမန်ရေးရာ အဟန့်အတားများ‌ကြောင့် ခရီးစဉ် နောက်ဆုတ်ခြင်း သို့မဟုတ် ပျက်ပြားခြင်းတို့လည်း ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက သတိပေးခဲ့သည်။

ထို အာဆီယံကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာအာဏာသိမ်းမှုနောက်ပိုင်း လက်ရှိအချိန်တွင် အများအပြား ဖမ်းဆီးခံထားရ သို့မဟုတ် ပုန်းအောင်းနေရသည့် အရပ်သားအစိုးရတာ၀န်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားသလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရ‌ပေ။  အာဆီယံ ပြော‌ရေးဆိုခွင့်ရှိသူနှင့် မြန်မာ၏ အမျိုးသားညီညွတ်ရေး အစိုးရဘက်က မှတ်ချက်ပေးရန် ပန်ကြားချက်များကို တုံ့ပြန်ထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly