ကနေဒါ လူမျိုးစုစာသင်ကျောင်းမှာ ကလေး ၂၁၅ ယောက်ရဲ့ ရုပ်ကြွင်းတွေ တွေ့မှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်

ကနေဒါ လူမျိုးစုစာသင်ကျောင်းမှာ ကလေး ၂၁၅ ယောက်ရဲ့ ရုပ်ကြွင်းတွေ တွေ့မှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်
Photo - AFP

ဇွန် ၁

ကနေဒါနိုင်ငံမှာ ဌာနေတိုင်းရင်းသားလူမျိုးစုတွေအတွက် ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်က တည်ထောင်ခဲ့တဲ့ စာသင်ကျောင်းတစ်ကျောင်းရဲ့ ကျောင်း၀င်းထဲမှာ ကလေး ၂၁၅ ယောက်ရဲ့ ရုပ်ကြွင်းတွေ တွေ့ရှိခဲ့မှုအတွက် ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် မေလ ၃၀ ရက်က ယင်းနိုင်ငံမှာ အလံကို တစ်၀က်ချ လွှင့်ထူခဲ့ကြပါတယ်။

“ကမ့်လု(ပ်) စာသင်ကျောင်းဟောင်းနေရာမှာ သေဆုံးခဲ့ကြတဲ့ ကလေး ၂၁၅ ယောက်နဲ့အတူ ဘယ်တော့မှ အိမ်မပြန်နိုင်ခဲ့ကြတဲ့ ဌာနေတိုင်းရင်းသားကလေးအားလုံး၊ အသက်ရှင်ကျန်ရစ်သူတွေ၊ သူတို့ရဲ့ မိသားစုတွေအတွက် အလေးထား ဂုဏ်ပြုတဲ့အနေနဲ့ ငြိမ်းချမ်းရေးတာ၀ါ အလံနဲ့ ဖက်ဒရယ် အ‌ဆောက်အအုံ အားလုံးက အလံတွေကို တစ်၀က်ချ လွှင့်ထူဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်” လို့ ကနေဒါ ၀န်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက တွစ်တာမှာ ရေးခဲ့ပါတယ်။

တိုရွန်တိုမြို့ အပါအ၀င် ဒေသန္တရ အုပ်ချုပ်မှုစနစ်အောက်ရှိ မြို့ကြီးအချို့မှာလည်း အလံတွေကို တစ်၀က်ချ လွှင့်ထူခဲ့ကြပါတယ်။

အသက်အငယ်ဆုံးအဖြစ် သုံးနှစ်အရွယ် ကလေးတွေအပါအ၀င် ခုလို ကလေးငယ်တွေရဲ့ ကြွင်းကျန် ရုပ်ကြွင်းတွေ ရှာဖွေတွေ့ရှိမှုဖြစ်စဉ်ဟာ အထူးသဖြင့် ဌာနတိုင်းရင်းသား အစုအဖွဲ့တွေအပါအ၀င် နိုင်ငံတ၀န်းမှာ ပြင်းပြတဲ့ စိတ်ထိခိုက် လှုပ်ရှားမှုတွေကို ဖြစ်စေခဲ့ပါတယ်။

ဗြိတိသျှကိုလံဘီယာပြည်နယ် ကမ့်လု(ပ်) မြို့အနီးမှာ ကျောင်းတက်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ပညာရှင်တစ်ဦးက မြေအောက် ထွင်းဖောက်သိနိုင်တဲ့ ရေဒါတစ်ခု သုံးပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကမ့်လု(ပ်) အင်ဒီယန်း စာသင်ကျောင်းကတော့ ယင်းနိုင်ငံမှာ ၁၉ ရာစုနှောင်းပိုင်းက ထူထောင်ဖွင့်လှစ်ခဲ့တဲ့ ကျောင်းအိပ်ကျောင်းစား လက်ခံတဲ့ စာသင်ကျောင်း ၁၃၉ ခုအနက် အကြီးဆုံး ဖြစ်ခဲ့ပြီး တစ်ကြိမ်ကို ကျောင်းသား ၅၀၀ လောက် စာရင်းသွင်းတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းကိုတော့ ၁၈၉၀ နဲ့ ၁၉၆၉ ခုနှစ်အကြား ကနေဒါအစိုးရကိုယ်စား ကက်သလစ် ဘုရားကျောင်းက စီမံကိုင်တွယ်ခဲ့ပါတယ်။

အင်ဒီးယန်း၊ အင်နွတ် နဲ့ မက်တစ် လူမျိုးစု၀င် ကလေးငယ် ၁၅၀,၀၀၀ လောက်ဟာ အဲဒီလို ကျောင်းတွေမှာ အတင်းအကျပ် အပ်နှံခံခဲ့ကြရပြီး ကျောင်းသားတွေဟာ ကျောင်းအုပ်တွေ၊ ဆရာတွေရဲ့ ကိုယ်ထိလက်ရောက်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ခံခဲ့ကြရသလို ၎င်းတို့တွေရဲ့ မူရင်းလူမျိုးစု ဘာသာစကား ပြောဆိုတာနဲ့ ယဉ်ကျေးမှု ဓလေ့ကျင့်သုံးမှုတွေပါ ပိတ်ပင်ခံခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့အချိန်မှာတော့ အဲဒီ လူမျိုးစုတွေထဲမှာ ဆင်းရဲနွမ်းပါးမှု မြင့်မားမှု၊ အရက်စွဲမှု၊ အိမ်တွင်း အကြမ်းဖက်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မြင့်မားမှုတွေ ရှိနေတာဟာ အထက်ပါ အတွေ့အကြုံခံစားမှုတွေနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်မှာ ကနေဒါအစိုးရဟာ ဌာနေတိုင်းရင်းသား စာသင်ကျောင်းတွေကနေ အသက်ရှင်လွတ်မြောက်ခဲ့သူတွေနဲ့ ဌာနေတိုင်းရင်းသားလူမျိုးစုအားလုံးကို တရား၀င်တောင်းပန်ခဲ့ပြီး ကျောင်းသားဟောင်းတွေအတွက် ကျေအေးပြေငြိမ်းမှုအဖြစ် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ပေးအပ်မယ့် အကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly