ဒီးမော့ဆိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့်အဆက်မပြတ်ပစ်ခတ်နေ

ဒီးမော့ဆိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့်အဆက်မပြတ်ပစ်ခတ်နေ

မေ ၃၁

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်အနားတစ်ဝှိက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှစ်စီးအသုံးပြု အဆက်မပြတ်ပစ်ခတ်နေတယ်လို့ KPDF  ကထုတ်ပြန်ပါတယ်။

“ ယခု ၅ နာရီဝန်းကျင်တွင် ရဟတ်ယာဉ်နှစ်စီးနဲ့ လေကြောင်းပစ်ကူများရောက်လာပြီး အဆက်မပြတ်ပစ်ခတ်မှုတွေ ပြုလုပ်လျက်ရှိသည်” ဟု မေလ ၃၁ ရက် ညနေပိုင်းမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ကထုတ်ပြန်ခဲ့တာပါ။

ဒီကနေ့ နေ့လည်ပိုင်းကစပြီး နှစ်ဘက်တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ်က လွိုင်ကော်မြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ရွာတွေထဲကို ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

" ဒီးမော့ဆိုမှာဒီနေ့တိုက်ပွဲပြန်ဖြစ်တာ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်တယ်၊ အဲ့ဒါ့အပြင်လွိုင်ကော်မှာကျတော့တိုက်ပွဲမရှိဘဲ တဖက်သတ်လက်နက်ကြီးတွေနဲ့ သုံးချက်ပစ်တယ်" လို့ဒေသခံတစ်ယောက်က မဇ္ဈိမကိုပြောပါတယ်။

လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ KPDF တပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရခဲ့ပြီး တပ်လည်းပြန်ဆုတ်နေတယ်လို့ သိရပါတယ်။

 မဇ္ဈိမအနေနဲ့ KPDF တပ်ဖွဲ့ဝင် အနည်းဆုံး ၂ ယောက်ဆီကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဖုန်းလိုင်းအခြေအနေကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့သည့် မေလ ၂၈ ရက်မှစ၍ ယမန်နေ့ မေလ ၃၀ ရက် အထိ နှစ်ဘက်အပြန်အလှန်တိုက်ပွဲခေတ္တာရပ်နားထားခဲ့ပြီး ယနေ့တွင်တိုက်ပွဲထပ်မံပြန်လည်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly