ဒီးမော့ဆိုတွင် လက်ရှိနှစ်ဘက်အပြန်အလှန်တိုက်ပွဲများမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ တဖက်သတ်ပစ်ခတ်မှုများရှိ

ဒီးမော့ဆိုတွင် လက်ရှိနှစ်ဘက်အပြန်အလှန်တိုက်ပွဲများမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ တဖက်သတ်ပစ်ခတ်မှုများရှိ
ဓာတ်ပုံ-CJ

မေ ၃၀

ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့တွင် လက်ရှိနှစ်ဘက်အပြန်အလှန်တိုက်ပွဲများမရှိ‌သော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ တဖက်သတ်ပစ်ခတ်မှုများရှိနေကြောင်း အဆိုပါဒေသ၌စစ်ဘေးရှောင်များအားကူညီကယ်ဆယ်‌ရေးအဖွဲ့၀င်ထံမှသိရသည်။

" စစ်ကောင်စီဘက်က မနေ့ကရော ဒီနေ့ရောတိုက်ပွဲမရှိဘဲ တဖက်သတ်ပစ်တယ်။ဒီးမော့ဆိုက ဒေါငံခါး- တောင်ငူလမ်းခွဲကိုလဲ ဒီနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီဘက်ကသေနတ်နဲ့ပစ်သံတွေကြားတယ်၊လက်နက်ကြီးတွေပစ်သံတော့မကြားဘူး၊KPDF ကလောလောဆယ်နားထားတာ၊ စစ်ကောင်စီဘက်ကအကျအဆုံးစာရင်း‌ခန့်မှန်းတော့ရှိတယ်၊ဒါပေမယ့်ညီမတို့ကို KPDF ကပြင်ပကိုမထုတ်ဖို့ပြောထားပါတယ်"ဟု၎င်းကမဇ္စျိမကိုပြောသည်။

 လက်ရှိအခြေအနေအရ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့တွင်အကြမ်းဖက်စစ်ကောင်စီဘက်မှအပစ်အခတ်ခေတ္တာငြိမ်သက်နေ၍ဒီးမော့ဆိုမြို့တွင်မူ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ(KPDF)ရှိနေခြင်းကြောင့် မေလ ၂၈ ရက်မှစ၍ယနေ့ မေလ ၃၀ ရက် အထိ တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီဘက်မှ KPDF ဘက်သို့တဖက်သတ်ပစ်ခတ်မှုများရှိနေကြောင်းသိရသည်။

   ထို့အပြင် အကြမ်းဖက်စစ်ကောင်စီမှလွိုင်ကော်မြို့ထဲအဝင်ပိတ်လိုက်သည့်အပြင် ကယားပြည်နယ်အတွင်းရှိ တခြားမြို့နယ်တစ်မြို့နယ်မှတစ်မြို့နယ်သို့ကူးလူးမသွားနိုင်ရန်အ၀င်အထွက်များပိတ်ပင်လိုက်သည့်အတွက် ကယားပြည်နယ်ရှိ ဖားဆောင်း၊ဘော်လခဲ၊မော်ချီးမြို့အတွင်းစားနပ်ရိက္ခာများပို့ဆောင်ရန်အခက်အခဲဖြစ်ခြင်း၊ယင်းဒေသများအတွင်းကုန်ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်းကြောင့်စားနပ်ရိက္ခာ၀ယ်ယူရန်ရှားပါးလာခြင်းအစရျှသည့်အခက်အခဲများကြုံတွေ့နေရကြောင်းအဆိုပါဒေသခံများထံမှသိရသည်။

ကယားပြည်နယ်ရှိ မားနာပလော့ ခံတပ်မှမေလ ၂၁ ရက်တွင် အစပြုခဲ့သည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်၏တော်လှန်ရေးစစ်ပွဲသည် (၉)ရက်ရှိပြီဖြစ်သည်။ ဒီးမော့ဆို၊ဖားဆောင်း၊‌ဘော်လခဲ၊မိုးဗြဲ အစရှိသည့်မြို့များတွင်တိုက်ပွဲပြင်းထန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီမှပစ်သတ်သောကြောင့် ပြည်သူအပါအ၀င် KPDF အဖွဲ့၀င်များမှ ကျဆုံးသူဦးရေ ၂၆ ဦးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required