ဦးဝင်းထိန်အမှု  ကြားဖြတ်အမိန့် ချမှတ်မည်

ဦးဝင်းထိန်အမှု  ကြားဖြတ်အမိန့် ချမှတ်မည်

မေ ၃၀

စစ်ကောင်စီက ဦးဝင်းထိန်အပေါ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ဇွန် ၁၁ ရက်နေ့ ကြားဖြတ်အမိန့်တစ်ခု ချမှတ်သွားဖို့ ရှိတယ်လို့ တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက မဇ္စျိမကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်က နေပြည်တော်အကျဉ်းထောင် သီးသန့်တရားရုံးမှာ ဦးဝင်းထိန်ကို ရုံးထုတ်ခဲ့ပြီး၊ အဲ့ဒီရုံးထုတ်မှာ တရားလိုတင်သွင်းထားတဲ့ သက်သေခံစာရွက်စာတမ်းနဲ့ ပတ်သက်လို့ စွပ်စွဲခံသူဘက်က ကန့်ကွက်ခဲ့သလို ဥပဒေအရာရှိဘက်ကလည်း လက်ခံသင့်တယ်လို့ နှစ်ဘက်လျှောက်လဲချက်တွေ ပေးခဲ့ကြ တာဖြစ်ပါတယ်။

အမှုနဲ့ ပတ်သက်လို့ လာမယ့် ဇွန် ၁၁ရက်နေ့ ရုံးချိန်းမှာ တရားရုံးက သက်သေခံတင်သွင်းထားတဲ့အပေါ် လက်ခံသင့်/မခံသင့်အပေါ် ကြားဖြတ်အမိန့် တစ်ခု ချမှတ်သွားမှာပါ။

ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းမင်းစိုးက“အဲ့ဒီနေ့မှာသက်သေခံတင်သွင်းထားတဲ့ စာရွက်စာတမ်းတွေကို ရုံးတော်က လက်ခံ မခံဆိုတဲ့ အမိန့်တစ်ခုကို ချမှတ်မှာပေါ့လေ။ သက်သေခံတင်သွင်းတာကို အမိန့်ချပြီး ရင်တော့ အချိန်ပေါ်မူတည်ပြီး တရားကို ဆက်စစ်မှာပါ။ အမှုက တရားလို စစ်ဆေးနေတဲ့ အခြေ အနေဘဲ ရှိပါသေးတယ်။ ” လို့ ရှင်းပြပါတယ်။

စစ်တပ်က အာဏာသိမ်းယူအပြီး  ဦးဝင်းထိန်ဟာသတင်းမီဒီယာအချို့နဲ့ တွေ့ဆုံခဲ့ရာမှာ ၎င်းတို့ အပေါ်ပြည်သူလူထုက အမုန်းထားအောင် မလေးစားအောင် မေတ္တာပျက်အောင်ပုတ်ခတ်ပြောဆိုခဲ့တဲ့အပြင် နိုင်ငံတော်ကို အကြည်ညိုပျက်စေမယ့် “ ပြည်သူသို့ပန်ကြားချက်” ဆိုတဲ့ စာတွေအရ  ဖမ်းဆီးတရား  စွဲဆိုခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းယူလိုက်အပြီး ဦးဝင်းထိန်အပါအဝင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  အနိုင်ရပါတီ တာဝန်ရှိ ပုဂ္ဂိုလ်များကို ပုဒ်မများစွာတပ် ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly