မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့မှာ မေလ ၂၉ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်များဖြင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် သပိတ်စစ်ကြောင်းများမှာ အမျိုးသမီး လေးဦးအပါအဝင် လူငယ် ၁၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရပါတယ်။
ဆင်ဆိပ်ရပ်ကွက်မှာရှိတဲ့ အအေးဆိုင် တစ်ဆိုင်မှာ မေလ ၂၉ ရက်နေ့ ညနေ သုံးနာရီခွဲအချိန်ခန့်က သပိတ်စစ်ကြောင်းဦးဆောင်သူများအပါဝင် လူငယ် ဆယ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်များ ၊ အိမ်စီးကားများ အသုံးပြုပြီးဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
တဆက်ထဲမှာပဲ ညနေ ခြောက်နာရီခွဲအချိန့်ခန့်က ကျောက်မော်ရပ်ကွက်မှာရှိတဲ့နေအိမ်တအိမ် အတွင်းမှာရှိတဲ့ လူငယ် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
"အရပ်ဝတ်တွေ ၊ အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးသွားတာပါ။ စစ်ကြောင်းကလူတွေနဲ့ဒီမိုကရေစီအရေးလှုပ်ရှား ကြတဲ့သူတွေပါ။ သေချာထောက်လှမ်းပြီးလာဖမ်းတဲ့ပုံစံမျိုး ၊ တစ်ယောက်ကတော့ ဖုန်းထဲ ဘာမှာမတွေ့လို့ပြန်လွှတ်ပေးလိုက်တယ် " ဟု ဒေသခံတွေကဆိုပါတယ်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံခဲ့ရသူများကို ထားဝယ်မြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရပါတယ်။
မနက်ပိုင်းအချိန်ကလည်း ထားဝယ်မြို့မှာ တပ်ပေါင်းစုသပိတ်ကော်မတီနဲ့ ထားဝယ်လူငယ်သပိတ်ကော်မတီတို့ပူးပေါင်းပြီး မနက်ပိုင်းမှာ ချီတက်ဆန္ဒပြတာနဲ့ ဟောပြောမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ထားဝယ်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဆန်းချီလမ်းဆုံနဲ့ ရှမ်းမလည်ဆွဲဓာတ်ဆီဆိုင်အနီးက လမ်းဆုံတို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အတွက်သမဂ္ဂအလံ လွှင့်ထူတဲ့အစီအစဉ်တွေပြုလုပ်ခဲ့ကြပါတယ်။