စစ်ကောင်စီက တပ်သားတွေရဲ့ သားသမီးတွေကို အတင်းအကြပ်ဖိအားပေး ကျောင်းတက်ခိုင်းနေ

စစ်ကောင်စီက တပ်သားတွေရဲ့ သားသမီးတွေကို အတင်းအကြပ်ဖိအားပေး ကျောင်းတက်ခိုင်းနေ

မေ ၂၉

အာဏာသိမ်းစစ်ကောင်စီက သူ့ရဲ့ လက်အောက်ခံတပ်သားတွေရဲ့ မှီခိုသူ သား၊ သမီးတွေကို အတင်းအကြပ်ဖိအားပေး ကျောင်းတက်ခိုင်းနေတယ်လို့ သိရပါတယ်။

ကျောင်းအပ်နှံပြီးစီးမှု စာရင်းပေးပို့ရေး ဆိုတဲ့ စာတစ်စောင်နဲ့အတူ တပ်ထဲမှာ အတင်းအကြပ်ဖိအားပေး ကျောင်းတက်ခိုင်းနေတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ဗိုလ်ကြီးညီသုတက သူ့ရဲ့ လှုမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ မေလ ၂၉ရက်က ရေးသားထားတာပါ။

အရာရှိစစ်သည်တွေရဲ့ မှီခိုသူသား၊ သမီးတွေ ၂ဝ၂၁ - ၂ဝ၂၂ ပညာသင်နှစ်မှာ တက်ရောက်ပညာသင်ကြားမယ့် ကျောင်း၊ တက်ရောက်မယ့် အတန်းတွေကို စာရင်းပြုစုပေးပို့ဖို့ အကြောင်းကြားထားခဲ့ပြီးတဲ့နောက် အခုအခါမှာ ကျောင်းအပ်နှံပြီးစီးတဲ့ စာရင်းတွေကို ပေးပို့ဖို့ ညွှန်ကြားစာထပ်မံပေးပို့ခဲ့တာဖြစ်ပါတယ်။

အရာရှိစစ်သည်တွေအနေနဲ့ ကျောင်းအပ်နှံပြီးစီးကြောင်း သက်သေအဖြစ် သားသမီးတွေရဲ့ ကျောင်းအပ်နှံပြေစာမိတ္တူ နှစ်စောင်ကို ဇွန်လ ၁ ရက် နောက်ဆုံးထားပြီး အရောက်ပို့ပေးရမယ်လို့လည်း အဲ့ဒီညွှန်ကြားစာမှာ ပါရှိပါတယ်။

ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်တဲ့ မေလ ၂၄ ရက်ကနေ မေလ ၃၁ ရက်အတွင်း နေ့စဉ်ကျောင်းအပ်နှံပြီးစီးမှုအခြေအနေကို ကျောင်းဌာနရုံးချုပ်ကို ပေးပို့တင်ပြရတယ်လို့လည်း အာဏာသိမ်းစစ်ကောင်စီက လက်အောက်ခံတပ်သားတွေဆီ ပေးပို့ခဲ့တဲ့ ညွှန်ကြားစာအရ သိရပါတယ်။
“တပ်ထဲမှာ အတင်းအကြပ်ဖိအားပေး ကျောင်းတက်ခိုင်းနေတာ။ ကိုယ့်ဘဝကိုယ်မပိုင်တဲ့ဘဝတွေကနေ လွတ်ကျွတ်ဖို့ ပြည်သူနဲ့အတူတူ တိုက်ပွဲဝင်ကြပါ” လို့ ဗိုလ်ကြီးညီသုတက ရေးသားတိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးရုံးတွေ၊ စာသင်ကျောင်းတွေအပါအဝင် နေရာအမနှံ့အပြားမှာ ပေါက်ကွဲမှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး ကျောင်းသားမိဘတွေဘက်က ကလေးတွေရဲ့ လုံခြုံရေးအရေရော၊ စစ်အာဏာရှင်ကို လက်မခံတာကြောင့်ပါ အများစုက ကျောင်းမအပ်ကြပါဘူး။

အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး မေလ ၂၄ရက်ကနေ ၃၁ ရက်အထိ တစ်နိုင်ငံလုံးကကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေတာလဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly