ဖမ်းဆီးခံရသူများထဲ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများရှိ

ဖမ်းဆီးခံရသူများထဲ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများရှိ

မေ ၂၈

ထားဝယ်တွင် ဆန္ဒပြရန် လူစုနေခိုက် အဖမ်းခံခဲ့ရသူ ၁၂ ဦးအနက် အချို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားလျှက်ရှိသည်။

မေ ၁၁ ရက်နေ့က ဘုမ္မော်ရပ်ကွက်တွင် ဆန္ဒပြရန်ပြင်နေစဉ် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံရသော အမျိုးသမီး ခုနှစ်ဦးနှင့် အမျိုးသား ငါးဦးတို့ကို ထားဝယ်အကျဉ်းထောင်ပို့ရန် စစ်ဆေးစစ်ရုံတွင် ဆေးစစ်ရာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသဖြင့် ပြည်သူ့ဆေးရုံသို့ ပို့လိုက်ရသည်။

အဖမ်းခံရသူများထဲတွင် အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ်ကျော်လည်း ပါဝင်သည်။

ကိုကောင်းမြတ်ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း မေ ၁၃ ရက်နေ့တွင် တွေ့ရှိသဖြင့် လိုအပ်သော ပစ္စည်းများပို့ပေးရန် ရဲက မိသားစုထံ အကြောင်းကြားခဲ့သည်။ 

ထောင်ထဲပို့ရန် မေလ ၂၃ ရက်က ကိုဗစ်ပြန်စစ်တဲ့အခါ ကိုကောင်းမြတ်ကျော်ဆီမှာတော့ ကိုဗစ်ပိုးမရှိတော့သော်လည်း မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေး နှစ်ဦးတွင် ကိုဗစ်ပိုးထပ်တွေ့ပြန်သည်ဟု ဆိုသည်။

“  ပိုးတွေ့တဲ့သူနဲ့ ပိုးမတွေ့တဲ့ သူတွေကို တစ်ခန်းထဲအတူရောထားတယ်၊ ... ရောထားတော့ တစ်ယောက်က ပျောက်လိုက် နောက်တစ်ယောက်မှာတွေ့လိုက်နဲ့ အဲသလိုတွေ ဖြစ်နေတယ်”  ဟု ကိုကောင်းမြတ်ကျော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ကိုကောင်းမြတ်ကျော်နှင့်အတူ အမျိုးသားလေးဦး တစ်ခန်းတည်းနေရခြင်းဖြစ်သည်။

ကိုဗစ်ဖြစ်သည့်သူများကို သီးခြားထားရန်နှင့် ဆေးကုသမှု ကောင်းကောင်းခံယူနိုင်ဖို့အတွက် မိသားစုဝင်များက တောင်းဆိုထားကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required