စစ်ကောင်စီကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ  မျက်နှာငယ်နေရပြီလို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

စစ်ကောင်စီကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ  မျက်နှာငယ်နေရပြီလို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

မေ ၂၇

အာဏာသိမ်းစစ်ကောင်စီကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာညှိုးနွမ်းပြီး မျက်နှာငယ်ရတဲ့ အဖြစ်ကို ရောက်ရှိနေပြီး အများရဲ့ ဖယ်ကြည်ခြင်းကို ခံနေရတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ (မေလ ၂၇ ရက်နေ့) မှာ ပြုလုပ်တဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်တဲ့ ကာလအတွင်း စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်လို့ အာဏာသိမ်းမှုကို ဆန့်ကျန်တဲ့ ပြည်သူ ရှစ်ရာကျော် သေဆုံးပြီး လူပေါင်း ငါးထောင်ကျော် ဥပဒေမဲ့ ဖမ်းဆီးခံရတာကိုကြည့်ရင် နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှ ရပ်တန့်ပါဆိုတာကို စစ်ကောင်စီက မထေမဲ့မြင် မျက်ကွယ်ပြုနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းကို  အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေး အာဆီယံအထူးအစည်းအဝေးရဲ့ ဘုံသဘောတူညီမှု (၅) ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုကို စစ်ကောင်စီက အခုအချိန်ထိ ပူးပေါင်းဆောင်ရွက်မှုမပြုနိုင်တာဟာ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး အဟန့်အတားလုပ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေအတွက် ပြည်သူလူထုတစ်ရပ်လုံးနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားကြဖို့ကိုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က အဲဒီအစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required