ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ်ကို ရက် ၉၀ အတွင်း ထောက်လှမ်းရေး အစီရင်ခံစာတင်ရန် ဂျိုးဘိုင်ဒင် အမိန့်ထုတ်

ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ်ကို ရက် ၉၀ အတွင်း ထောက်လှမ်းရေး အစီရင်ခံစာတင်ရန် ဂျိုးဘိုင်ဒင် အမိန့်ထုတ်
Photo - AFP

မေ ၂၇

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် တရုတ်ကနေ ပထမဆုံး ထွက်ပေါ်လာတာဟာ တိရစ္ဆာန် ရင်းမြစ်ကနေလား ဒါမှမဟုတ် ဓာတ်ခွဲခန်း မတော်တဆမှုကြောင့်လားဆိုတာကို စုံစမ်းစစ်ဆေးပြီး လာမယ့် သုံးလအတွင်း အစီရင်ခံစာတင်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။ 

“ဒီကနေ့မှာ သမ္မတက ထောက်လှမ်းစုံစမ်းရေးအဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့တယ်၊ အပြီးသတ် ဆုံးဖြတ်ချက် ချနိုင်ဖို့ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် စုဆောင်းအကဲဖြတ်တာတွေကို နှစ်ဆတိုး လုံ့လစိုက်ထုတ်သွားဖို့ပါ၊ ပြီးတော့ သူ့ဆီကို ရက် ၉၀ အတွင်း အစီရင်ခံစာတင်ဖို့ တိုက်တွန်းခဲ့တယ်”လို့ အိမ်ဖြူတော် လက်ထောက်ပြန်ကြားရေးအတွင်းဝန် ကာရင်းဂျင်ပီးယားက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကစလို့ ကူးစက်ပြန့်နှံ့ပြီး တစ်ကမ္ဘာလုံးမှာ လူပေါင်း ၃ ဒသမ ၄ သန်းကျော် သေဆုံးစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဖြစ်နိုင်တဲ့ ရင်းမြစ်နှစ်ရပ်အပေါ် အဖွဲ့အစည်းတွေဟာ သဘောထားကွဲလွဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဂျိုးဘိုင်ဒင်က ဆိုထားပါတယ်။ ဒီ ကပ်ဘေးကြောင့် သေဆုံးသူ အမှန်နှုန်းထားဟာ ဒီထက်မက ပိုများနိုင်တယ်လို့ အထင်ကရ ပညာရှင်တွေက ပြောကြပါတယ်။ 

အခုလို ဂျိုးဘိုင်ဒင်ရဲ့ အမိန့်ထုတ်လိုက်တာကြောင့် ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ဈေးတစ်ဈေးမှာ တိရစ္ဆန်တွေကို ထိတွေ့တာကနေ ပထမဆုံး ကူးစက်ဖြစ်ပွားတာလား ဆိုတာနဲ့ ဒါမှမဟုတ် အဲဒီ ဝူဟန်မြို့က လုံခြုံရေးတင်းကြပ်တဲ့ သုတေသနဓာတ်ခွဲခန်းတစ်ခုကနေ ဗိုင်းရပ်စ် ပြန့်နှံ့သွားခဲ့တာလားဆိုတဲ့ မြင့်တက်နေတဲ့ အငြင်းပွားမှုကို ပိုပြီး အရှိန်မြင့်စေမှာ ဖြစ်ပါတယ်။ 

ဗိုင်းရပ်စ် ဇစ်မြစ်ရဲ့ အဖြေဟာ ကပ်ဘေးအတွက် တာဝန်မရှိဘူးလို့ ပြောဆိုထားတဲ့ တရုတ်ရဲ့ နိုင်ငံရေးနဲ့ တရုတ်ကို တိုက်ခိုက်ဖို့ ရီပတ်ဘလီကန်တွေက ဓာတ်ခွဲခန်းက စပြီး ပြန့်နှံ့တယ်ဆိုတဲ့ အယူအဆကို အသုံးချနေတဲ့ အမေရိကန်နိုင်ငံရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေမှာပါ။ 

ဗိုင်းရပ်စ်ဟာ ကူးစက်ခံ တိရစ္ဆာန်နဲ့ ထိတွေ့ရာကနေ လူဆီ ကူးပြီး စတင်ထွက်ပေါ်လာသလားနဲ့ ဓာတ်ခွဲခန်း မတော်တဆမှုကြောင့် ထွက်ပေါ်လာခဲ့တာလား အပါအဝင် ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို အစီရင်ခံဖို့ မတ်လအတွင်းကလည်း တိုက်တွန်းဖူးကြောင်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

“ဒီနေ့အထိ အမေရိကန် ထောက်လှမ်းစုံစမ်းရေး အသိုက်အဝန်းဟာ ဖြစ်နိုင်ခြေ ဇစ်မြစ်နှစ်ရပ်အပေါ်မှာပဲ ဝဲလည်နေတယ်၊ ဒီ မေးခွန်းရဲ့ အဖြေကို အပြီးသတ် ဆုံးဖြတ်ချက် ချနိုင်တဲ့ဆီ မရောက်သေးဘူး”လို့ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required