အချိုးကျအာဏာခွဲဝေရေး ပါတီငယ်အချင်းချင်းပူးပေါင်းမည်ဆိုသည့်အပေါ် သဘောမတူကြောင်း မွန်အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိသန်းရှင်ဆို

အချိုးကျအာဏာခွဲဝေရေး ပါတီငယ်အချင်းချင်းပူးပေါင်းမည်ဆိုသည့်အပေါ် သဘောမတူကြောင်း မွန်အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိသန်းရှင်ဆို

မေ ၂၆

အချိုးကျ အာဏာခွဲဝေရေး(PR) စနစ်နဲ့ပတ်သက်လို့ ပါတီငယ်အချင်းချင်းပူးပေါင်းသွားမယ်ဆိုတဲ့အပေါ် လုံးဝ သဘောမတူသလို PR စနစ်ကိုလည်း သဘောမတူကြောင်း မွန်အမျိုးသမီးပါတီဥက္ကဋ္ဌ မိသန်းရှင်(ခ) မိလယိုင်မွန်က မဇ္ဈိကို ဆိုပါတယ်။

PR စနစ်အတွက် ပါတီငယ်တွေပူးပေါင်းကြမယ်ဆိုရင် ပါတီတစ်ခုချင်းစီရဲ့ မူဝါဒတွေ မှေးမှိန်း ပျောက်ကွယ်သွားနိုင်သလို PR စနစ်ကြောင့် တိုင်းရင်းသားဒေသတွေမှာ မငြိမ်းချမ်းမှုတွေနဲ့ ကြုံတွေ့လာနိုင်တယ်လို့ သူမ က သုံးသပ်ပြောဆိုပါတယ်။

“ကျွန်မတို့အနေနဲ့ သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါတီတစ်ခုနဲ့ တစ်ခုက သူ့လူမျိုးကို ကိုယ်စားပြု တယ်လေ။ ပါတီရဲ့ မူဝါဒတွေကလည်း တစ်ပုံစံတည်းမဟုတ်ဘူးလေ။ အဲ့ဒီအပေါ်မှာ ပေါင်းလိုက်မယ်ဆိုရင် ပါတီမူဝါဒတွေရော  ပါတီရဲ့ ဗဟိုကော်မတီရဲ့ အခန်းကဏ္ဍတွေပါမှေးမှိန်သွားမယ်။ နောက်ပိုင်း ပါတီဟာ မှေးမှိန်ပျောက်ကွယ်သွားတဲ့ အဆင့်အထိဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် တိုင်းရင်းသားပါတီငယ်တွေ အနေ နဲ့အဆင်မပြေဘူး သူတို့ဒေသအတွက်လည်း မသင့်တော်ဘူးလို့ မြင်တယ်” ဆိုပါတယ်။

သူမ က “ တိုင်းရင်းသားတွေနဲ့PR စနစ်က မသင့်တော်တဲ့ အတွက်ကြောင့်…..တကယ်လို့ တိုင်းရင်းသားဒေသမှာ အဲ့ဒီPR စနစ်ဝင်လာမယ်ဆိုရင် ဒေသတွင်းမအေးချမ်းမှုရော ပါတီဝင်လုပွဲတွေကြောင့် အငြင်းပွားမှုတွေ ဖြစ်နိုင်တယ်ပေါ့။ တိုင်းရင်းသားတွေ စည်းလုံးညီညွှတ်မှု ပျက်လာမယ်။ နောက်ပြီး တစ်ယောက်နဲ့ တယောက် သံသယတွေဝင်လာနိုင်တယ် နယ်မြေ မအေးချမ်းမှုတွေ ဖြစ်လာနိုင်တယ်” လို့  ဖြည့်စွက်ပြောပါတယ်။

PR စနစ်ကို လုပ်ဆောင်ဖို့ စစ်ရွေးကောက်ပွဲကော်မရှင်ဘက်က ဆုံးဖြတ်ချက်မချသေးပေမယ့်  ဒုတိယအကြိမ်နိုင်ငံရေးပါတီတွေနဲ့ကော်မရှင် တွေ့ဆုံပွဲမှာ PRစနစ်ကို လိုလားကြတဲ့ ပါတီတွေက သာ ဆွေးနွေးခဲ့ကြတာလို့ သူမက ဆိုပါတယ်။

မွန်အမျိုးသမီးပါတီ ဥက္ကဋ္ဌ မိသန်းရှင်(ခ) မိလယိုင်မွန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

သူမရဲ့ပါတီကို မွန်ပါတီတွေပူးပေါင်းထားတဲ့ မွန်ညီညွှတ်ရေးပါတီဖွဲ့စည်းခဲ့စဉ်က ပူးပေါင်းဖို့ကမ်းလှမ်းချက်ကို လက်မခံခဲ့ဘဲ သီးခြားရပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required