မေ ၂၆
စစ်ဒဏ်သင့်ထားပြီး စီးပွားရေးအကျပ်အတည်းနွံထဲ နစ်နေခဲ့တဲ့ ဆီးရီးယားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲတစ်ရပ်ကို မေလ ၂၆ ရက်မှာ ကျင်းပနေပြီး ယင်းနေ့မှာပဲ နိုင်ငံတ၀န်းမှာ မဲရုံတွေ ဖွင့်လှစ်ခဲ့ပါတယ်။
ဒီရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘာရှာ အယ်လ် အာဆတ်ကပဲ စတုတ္ထသက်တမ်းနဲ့အတူ အာဏာကို ဆက်လက်ထိန်းချုပ်သွားလိမ့်မယ်လို့ အများစုက ထင်မြင်ယူဆထားပါတယ်။
အငြင်းပွားဖွယ် ဖြစ်တဲ့ ဒီရွေးကောက်ပွဲကတော့ ယင်းနိုင်ငံမှာ ဆယ်စုနှစ်ကြာ ပဋိပက္ခစစ်ပွဲတစ်ခု စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ဆီးရီးယားရဲ့ ပဋိပက္ခပြည်တွင်းစစ်ပွဲကြောင့် လူပေါင်း ၃၈၈,၀၀၀ ကျော် သေဆုံးခဲ့ရပြီး စစ်ပွဲမတိုင်မီ ရှိခဲ့တဲ့ လူဦးရေရဲ့ ထက်၀က်ခန့်ဟာလည်း အိုးအိမ်တွေကို စွန့်ခွာခဲ့ကြရပါတယ်။
အစိုးရထိန်းချုပ်မှုအောက်ရှိ နိုင်ငံဧရိယာ သုံးပုံ နှစ်ပုံမှာ အာဆတ်ကို အမွှမ်းတင်ချီးကျူးထားတဲ့ ရွေးကောက်ပွဲ ပိုစတာကြီးတွေကပ်ထားတာတွေ ရှိနေခဲ့ပါတယ်။
ပြည်ပရောက် အတိုက်အခံတွေကို ပါ၀င်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသလို အာဆတ်အစိုးရရဲ့ ထိန်းချုပ်မှုပြင်ပရှိ နယ်မြေတွေမှာလည်း ရွေးကောက်ပွဲ ကျင်းပခြင်း မရှိတာကြောင့် အာဆတ်အနေနဲ့ မထင်မရှား စိန်ခေါ်သူနှစ်ဦးလောက်ကိုသာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲပေးမှုတွေဟာ စီစဉ်ထားတဲ့အတိုင်း မနက် ၇ နာရီမှာ စတင်ခဲ့တယ်လို့ တရား၀င်သတင်းအေဂျင်စီ SANA က ထုတ်ဖော်ကြေညာခဲ့သလို နိုင်ငံရဲ့ ဒေသတစ်ချို့မှာ ပြည်သူတွေ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေတာတွေကိုလည်း နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံသားတွေအနေနဲ့ မဲရုံပေါင်း ၁၂,၀၀၀ ကျော်မှာ မဲပေးနိုင်မှာ ဖြစ်ပြီး ရလဒ်တွေကိုတော့ မေလ ၂၈ ရက် ညနေပိုင်းမှာ ကြေညာပေးသွားဖွယ် ရှိနေပါတယ်။
ဒီရွေးကောက်ပွဲကတော့ ယင်းနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြမ်းဖက်မှု လယ်ဗယ်အနိမ့်ဆုံးအတိုင်းအတာတွေအဖြစ် ရှိနေစဥ်အတွင်းမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံစီးပွားရေးဟာ ထိုးဆင်းကျနေပါတယ်။
ယင်းနိုင်ငံရဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲနွမ်းပါးမှုပြမျဉ်းအောက်မှာ နေထိုင်နေကြရပြီး ဆီးရီးယားပေါင်ငွေကြေးတန်ဖိုးဟာလည်း ဒေါ်လာနဲ့ယှဉ်ရင် ထိုးဆင်းကျထားခဲ့ပါတယ်။ ယင်းနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း ထိုးတက်နေခဲ့ပါတယ်။