နိုင်ငံရေးပါတီများဖျက်သိမ်းမည့်အရေး ကော်မရှင်ကိစ္စသာဖြစ်ကြောင်း နော်အုံးလှပြော

နိုင်ငံရေးပါတီများဖျက်သိမ်းမည့်အရေး ကော်မရှင်ကိစ္စသာဖြစ်ကြောင်း နော်အုံးလှပြော

မေ ၂၃

စစ်ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲမတက်သည့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းမည်ဆိုခြင်းအပေါ်  ကော်မရှင်ကိစ္စသာဖြစ်ကြောင်း နော်အုံးလှက တုံ့ပြန်ပြောဆိုလိုက်သည်။ 

“ UEC က ဆုံးဖြတ်ပေးရမယ့်အရာဘဲ နိုင်ငံရေးပါတီတွေကဆုံးဖြတ်လို့ ရတဲ့အရာမှမဟုတ်တာ နိုင်ငံရေး ပါတီတွေ ဖျက်သိမ်းမယ်ဆိုတာမျိုးက UEC က အာဏာရှင်စစ်တပ်နဲ့ တစ်သားတည်းဖြစ်နေတော့ ဆုံးဖြတ်ရင် ဆုံးဖြတ်မှာပေါ့။ တစ်သားတည်း မဟုတ်ရင်တော့ ဒီလိုလုပ်မှာမဟုတ်ဘူး။ " ဟု  ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ အကြီးအကဲဖြစ်သူ နော်အုံးလှက ပြောသည်။

" အန်တီတို့ ပါတီအနေနဲ့ ဒီကာလမှာ ဘာမှဆောင်ရွက်လို့ မရတဲ့အခြေအနေကြောင့် ဘာမှမလုပ်ဆောင်သေးပါဘူး။ ကာလတစ်ခုက တော့စောင့်စား ရမယ့် ကာလဖြစ်တယ်" ဟု သူက ထပ်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းပေးထားသော ရွေးကောက်ပွဲကော်မရှင်၏ မေ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်အစည်းအဝေးကို တက်ရောက်သော နိုင်ငံရေးပါတီများဝေဖန်ခံနေရချိန် မတက်ရောက်သော ပါတီများကိုဖျက်သိမ်းရန် တိုက်တွန်းမှုများ အစည်းအဝေးတက်လာသူများထဲတွင် လွှမ်းမိုးခဲ့သည်။

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ်ဆိုကာ တက်ရောက်သူတစ်ဦးရှိခဲ့သော်လည်း ပါတီကိုအမှန်တကယ်ကိုယ်စားမပြုဟု နော်အုံးလှက ပြောသည်။

" ပါတီက ထုတ်ပယ်ထားတဲ့သူ" သာဖြစ်ကြောင်း သူက ပြောကာ ပါတီနှင့် မသက်ဆိုင်ဟု ဆိုသည်။ သို့သော် အသေးစိတ်ပြောရန်ကိုတော့ ငြင်းဆန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly