ဗုံးပေါက်ကွဲမှုများ၏ လက်သည်တရားခံသည် ပျူစောထီးများလော

ဗုံးပေါက်ကွဲမှုများ၏ လက်သည်တရားခံသည် ပျူစောထီးများလော

မေ ၂၂

စစ်အုပ်စုမှ နိုင်ငံအာဏာသိမ်းယူပြီး သုံးလပြည့်ခါနီးအချိန် ဧပြီလကုန်ပိုင်းမှစတင်၍ ဗုံးပေါက်ကွဲမှုများ နိုင်ငံဝှမ်းတွင် နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသည်။ အဆိုပါဗုံးပေါက်ကွဲမှုများအနက် တချို့ပေါက်ကွဲမှုများသည် သံသယဖြစ်ဖွယ်ရာ ကောင်းလွန်း နေသည်ကို တွေ့ရသည်။ ပြည်သူများအနေဖြင့် ဗုံးပေါက်ကွဲမှုတချို့သည် အာဏာသိမ်း စစ်ကောင်စီမှ လုပ်ဆောင်နေခြင်း ဟု ထင်မြင်ယူဆနေကြသည်။ အဘယ်ကြောင့်ဆိုသော် နဝတ၊ နအဖခေတ်တွင်လည်း ယင်းသို့လုပ် ဆောင်ခဲ့သည့် အဖြစ်အပျက်များစွာ ရှိခဲ့သောကြောင့်ဖြစ်သည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အတိုက်အခံ အဖွဲ့ အစည်းများအား တရားခံအဖြစ် ပုံဖော်လေ့ရှိသည်မှာ နဝတ၊ နအဖတို့၏ မရိုးနိုင်သော ဓာတ်ပြားဟောင်းကြီးပင် ဖြစ်ပေသည်။ 

နဝတ၊ နအဖလက်ထက်တွင် ပြည်တွင်း၌ အကျပ်အတည်းတစ်ခုခု ကြုံတွေ့လာပါက စစ်ထောက်လှမ်းရေးသည် အတိုက် အခံအဖွဲ့အစည်းတစ်ခုခုမှ ဗုံးဖောက်ခွဲသည့်ပုံစံဖြင့် ချိန်ကိုက်ဗုံးများ ဖောက်ခွဲလေ့ရှိပြီး စွပ်စွဲအပြစ်တင်လေ့ရှိသည်။ ယင်းအပြင် ၎င်းတို့အဖွဲ့အစည်းအတွင်းမှ ၎င်းတို့နှင့်အယူအဆမတူသူများကို ဗုံးခွဲလုပ်ကြံသတ်ဖြတ်ခဲ့ကြသည်မှာ နအဖ အတွင်းရေးမှူး(၂)ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်ဦးအား အကြိမ်ကြိမ်လုပ်ကြံခဲ့သည့်ဖြစ်ရပ်သည် ထင်ရှားသော သာဓကတစ်ခုပင် ဖြစ်သည်။

ယခုအချိန်တွင်လည်း ယခင်ကဲ့သို့ပင် နည်းလမ်းဟောင်းကို ပြန်လည်အသုံးပြုလာသည်ကို တွေ့မြင်နေရသည်။ အမှိုက်ပုံ များတွင် လက်လုပ်မိုင်းများ တွေ့ရှိခြင်း၊ လူမရှိသော လူအသွားအလာနဲသော နေရာများတွင် မိုင်းထောင်ထားခြင်းများနှင့် အသံမိုင်း ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်နေရသည်။ ယင်းသို့ လူအသွားအလာနဲသော နေရာများ တွင် အသံမိုင်း ဖောက်ခွဲခြင်းများ လုပ်ဆောင်နေခြင်းသည် ပြည်သူလူထုမှ လုပ်ဆောင်ခြင်း မဟုတ်ဘဲ အာဏာသိမ်း စစ်အုပ်စုမှ ပြည်သူလူထုအား ကြောက်လန့်ထိန့်လန့်ခြင်းများ ဖြစ်နေစေရန် ခြောက်နေခြင်းသာဖြစ်ကြောင်း အများစုက ယုံကြည်နေကြသည်။

“မေလ ၁၁ ရက် ညနေပိုင်းက ကျနော်တို့အိမ်နားမှာ မိုင်းတစ်လုံးပေါက်သွားတယ်။ ပေါက်တဲ့နေရာက ဘယ်သူမှ ဘာမှ မရှိတဲ့ လမ်းဘေးမှာ ပေါက်သွားတာ။ ပြည်သူဘက်က ထောင်တာဆိုရင် ရဝတရုံးတို့ သူတို့နဲ့ဆိုင်တဲ့နေရာတွေမှာ သွား ထောင်ကြမှာပေါ့။ အခုလို ဘယ်သူမှမရှိ၊ ဘာမှမရှိတဲ့ လမ်းဘေးမှာ လာထောင်သွားတာ ဘယ်သူတွေလဲဆိုတာ သိသာပါ တယ်ဗျာ”ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ဆိုသည်။ 

ရဲစခန်းများ၊ မြို့နယ်/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၊ အစိုးရ အဆောက်အဦများနှင့် စစ်အုပ်စုနှင့် ပတ်သက်နေသည့် နေရာများတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းသည် ပြည်သူများ လုပ်ဆောင်ခြင်း ဖြစ်နိုင်သော်လည်း ဆေးရုံများ၊ ကျောင်းများ၊ ဈေးများ စသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခြင်းသည် စစ်အုပ်စု၏ လက်ချက်သာ ဖြစ်သည်ဟု ၎င်း၏အမြင်ကို ထုတ်ဖော်ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အချုပ်အခြာအာဏာကွန်ရက်မှ ဦးမျိုးရန်နောင်သိန်းက မေ ၄ ရက်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် “အရေးပေါ်အသိပေးခြင်း”ဟူ၍ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လာမည့်ရက်များအတွင်း ကျောင်းများတွင်  ဗုံးများပေါက်ကွဲမည်ဟု ခိုင်လုံစွာ သတင်းရရှိထား ကြောင်း၊ နွေဦးတော်လှန်ရေးပြည်သူများမှ ကျောင်းများတွင် ထိုသို့ဖောက်ခွဲမှုများ မပြုလုပ်ရန် ပြောဆိုဆွေးနွေးထားပြီး ဖြစ် သလို ပြုလုပ်ကြမည်လည်းမဟုတ်ကြောင်း၊ ယခုရက်ပိုင်းဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများသည်လည်း နွေဦးတော်လှန် ရေး ပြည်သူများမှပြုလုပ်ခြင်းမဟုတ်ပဲ အကြမ်းဖက်အဖွဲ့မှပြုလုပ်ခြင်း ဖြစ်ကြောင်း သိစေလိုကြောင်း ဖော်ပြထားသည်။

ယင်းအပြင် နွေဦးတော်လှန်ရေးပြည်သူများမှစစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်သပိတ်မှောက်၍ ကျောင်းမတက်ကြရန် နှိုးဆော်ထားသည်ကို အကြောင်းပြု၍ အကြမ်းဖက်အုပ်စုမှ နွေဦးတော်လှန်ရေး ပြည်သူများ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူများ၏ အသက်ကိုစတေးကာ ကျောင်းများတွင် ဗုံးဖောက်ခွဲကြမည်ဟု ယူဆရကြောင်းနှင့် ယခုရက်ပိုင်းဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုများသည် နွေဦးတာ်လှန်ရေးပြည်သူများမှ ပြုလုပ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ကျောင်းများတွင် ဗုံးပေါက်ကွဲပါက နွေဦးတော်လှန်ရေးပြည်သူများမှ ပြုလုပ်ခြင်းမဟုတ်သည်ကို အသိပေး အပ်ပါကြောင်းလည်း ဖော်ပြထားသည်

စစ်အုပ်စုအနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်မှုများအပြင် ဗုံးဖောက်ခွဲ၍ လုပ်ကြံသတ်ဖြတ်မှုများကို ပြုလုပ်နေသည်ကိုလည်း တွေ့မြင်ကြားသိနေရသည်။  ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ကမ္ဘီလာကျေးရွာတွင် မေလ ၃ ရက် ညပိုင်း၌ ပါဆယ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သဖြင့် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ CDM ရဲဝန်ထမ်း ၃ ဦးနှင့် ခြံပိုင်ရှင် ရွာသားတစ်ဦး၊ စုစုပေါင်း ၅ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေမှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် သည် အာဏာသိမ်းစစ်ကောင်စီက လိုက်လံဖမ်းဆီးနေသည့်အတွက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် ရဲတချို့နှင့်အတူ အဆိုပါကျေးရွာတွင် တိမ်းရှောင်နေခြင်း ဖြစ်သည်။

“သူနဲ့အတူရှောင်နေတဲ့ ရဲတစ်ယောက်က CDM မလုပ်တော့ဘဲ့ Non-CDM လုပ်ပြီး အလုပ်ပြန်ဝင်သွားတယ်။ သူက ပို့လိုက်တဲ့ ပါဆယ်ကနေ ပေါက်တာ၊ ပါဆယ်ဗုံးပေါက်တာ” ဟု ဦးသက်ဝင်းလှိုင်၏ မိတ်ဆွေတစ်ဦး ပြောဆိုချက်ကို ကိုးကား၍ RFA သတင်းဌာနက သတင်းဖော်ပြထားသည်။

အဆိုပါ ပါဆယ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက  “အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်ချိန်ကိုက်မိုင်း စမ်းသပ်ပြုလုပ်ရာမှ ပေါကွဲမှု ဖြစ်ပွားခြင်း”ဟု သတင်းထုတ် ပြန်ခဲ့သည်။ 

ထို့အတူ မေလ ၁၃ ရက် ည ၇ နာရီဝန်ကျင်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်နေ အငြိမ်းစားဗိုလ်မှူး ဟောင်းဖြစ်သူ မွန်ပြည်နယ် အမှတ်(၆) မဲဆန္ဒနယ်မြေ အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်း၏ နေအိမ် တွင် ဗုံးပေါက်ပြီး ဦးအောင်နိုင်ဝင်း၏ ဗိုက်နှင့် ခါးတွင် ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။ ဦးအောင်နိုင်ဝင်း သည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဖြစ်ပြီး NLDပါတီဝင်များနှင့်လည်း ရင်းနှီးပြေပြစ်သည့် ဆက်ဆံရေးများ ရှိကြောင်း ဒေသခံတချို့၏ ပြောဆိုမှုအရ သိရသည်။ 

မေလ ၁၄ ရက်တွင်လည်း မုံရွာမြို့မှ ပရဟိတသမားတစ်ဦးဖြစ်သူ ကဗျာဆရာ ဦးစိန်ဝင်းသည် စက်မှုဇုန်ရပ်ကွက်၌ စစ်ဘေးရှောင်များအတွက် အလှူခံနေစဉ် လူတစ်ဦးက အနောက်ဘက်မှနေ၍ ဓာတ်ဆီဖြင့်လင်းကာ မီးရှို့လုပ်ကြံမှုကို ခံခဲ့ရကြောင်း သတင်းရရှိသည်။ 

ဦးစိန်ဝင်းသည် အဆိုပါ ညနေပိုင်းတွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံးတွင် သေဆုံးသွားကြောင်း၊ လုပ်ကြံသူသည် အလုပ်သမား အယောင်ဆောင်ထားသူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက သတင်းမီဒီယာများသို့ ပြောဆိုထား သည်။ 

မီးရှို့လုပ်ကြံမှုကြောင့် မသေဆုံးခင် ဦးစိန်ဝင်းသည် ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် “တော်လှန်ရေးဟာ တော်လှန်ရေးပဲ၊ ဘာနဲ့ အာရုံလွှဲလွှဲ လမ်းလွဲပါမသွားနဲ့။ အချင်းချင်း သံသယမရှိကြနဲ့။ အဆက်အသွယ်မပြတ်နဲ့။ သွေးမအေးနဲ့ သွေးစည်းကြ” ဟူ၍လည်းကောင်း၊ “တော်လှန်ရေးမှာ ကြွားဝါချင်သူ၊ ပါလေရာ လုပ်ချင်သူ၊ ကိုယ်သိကိုယ်တတ် လုပ်ချင်သူ၊ သတင်းဦး သတင်းထူး ဖြန့်ချင်သူ အဲဒီလူတွေဟာ ဒလံလို အန္တရာယ်ရှိတယ်” ဟူ၍လည်းကောင်း ရေးသားခဲ့သည်။ 

ယင်းသို့ လုပ်ကြံမှုများသည် ယခင်စစ်ထောက်လှမ်းရေးများ ပြုမူဆောင်ရွက်သည့်ပုံစံ ဖြစ်နေသဖြင့် နိုင်ငံအာဏာကို သိမ်း ယူခဲ့သည့် စစ်အုပ်စု၏နောက်ကွယ်၌ ယခင် နအဖလက်ထက် ဖြုတ်ထုတ်ဖမ်း အလုပ်ခံခဲ့ရသည့် ဗိုလ်ခင်ညွန့်၏ စစ် ထောက်လှမ်းရေးဟောင်းများ ပါဝင်ပတ်သက်နေသလားဟု မေးခွန်ထုတ်စရာ အချက်များ ဖြစ်ပေါ်နေသည်။ အဘယ် ကြောင့်ဆိုသော် မကြာသေးမီရက်ပိုင်းအတွင်းက ဖွဲစည်းလိုက်သည့် ပျူစောထီးဆိုသည့်အဖွဲ့ကြောင့်ပင်ဖြစ်သည်။ 

ပျူစောထီးအဖွဲ့တွင် ရွေးကောက်ပွဲ၌ အနိုင်မရခဲ့သည့် ပါတီကြီးတချို့မှ အင်အားစုများ၊ စစ်မှုထမ်းဟောင်းများ၊ စွမ်းအားရှင် များနှင့် စစ်ထောက်လှမ်းရေးဟောင်း အများစု ဝန်ရံထားသည့် မဘသအဖွဲ့ဝင်များ ပါဝင်ပြီး ယင်းအဖွဲ့အား ဖွဲ့စည်းလိုက်ခြင်းသည် စစ်အုပ်စု၏ CRPH နှင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လက်တုန့်ပြန်ရန် အရံအင်အား အဖြစ် အရင်ကတည်းက ကြံစည်ထားသည့်ဗျူဟာ ဖြစ်ပုံရသည်။ 

အဆိုပါအဖွဲ့အား ပြည်တွင်းမှ ပြည်သူများနှင့် ထင်ရှားတဲ့ပုဂ္ဂိုလ်များ၊ ထင်ရှားသည့်နေရာများကို တန်ပြန် အကြမ်းဖက်ရန် စနစ်တကျ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှုတချို့တွင် ယင်းအဖွဲ့ဝင်များ ပါဝင်ပတ်သက်နေကြောင်း သံသယရှိသလို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ ကန်တော်ကြီးရှိ Utopia Tower က ဗုံးခွဲမှုလိုမျိုး စစ်ကောင်စီကို ဆန့်ကျင်သည့် နာမည်ကျော်ပုဂ္ဂိုလ်များကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

ပျူစောထီး၏ အဓိက ရည်ရွယ်ချက်သည် တိုင်းပြည်အမြန်ဆုံး တည်ငြိမ်အေးချမ်းလာပြီး စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး  ဘာသာရေး အားလုံးအမြန်ဆုံးစိတ်ချမ်းသာစွာဖြင့် ပြန်လည်လည်ပတ်နိုင်ရေးအတွက်ကို ဦးတည်ကြောင်းနှင့် ပျူစောထီးအဖွဲ့အား လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်ဘက်ဆိုင်ရာအရာရှိများနှင့် အငြိမ်းစားများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ထမ်းဆောင်စဲ ဝန်ထမ်းများနှင့် အငြိမ်းစားများ၊ ပုဂ္ဂလိက ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းတို့၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းအပြင် ပျူစောထီးအဖွဲ့သည် နိုင်ငံတော်၏ လိုအပ်ချက်အရ အဖွဲ့အစည်း ဖြစ်၍ အခြားသော ပရဟိတ လူမှုအသင်း အဖွဲ့များကဲ့သို့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များမျိုး မလိုအပ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ တပ်မတော်၏ အရံအင်အားအဖြစ် သက်ဆိုင်ရာ နစက ၊ တစက ၊ကကစတို့နှင့် ချိတ်ဆက်ပြီး ရပ်ရွာအေးချမ်းသာယာရေး အတွက် ဆောင်ရွက်နေသောအဖွဲ့ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

ယခုကဲ့သို့ ပျူစေထီးအဖွဲ့များ ဖွဲ့စည်းလိုက်ခြင်းသဖြင့် ပြည်သူ့တရားစီရင်ရေးလုပ်ရန်အတွက် လိုက်လံစုံစမ်းနေစရာ မလိုဘဲ တစ်စုတစ်စည်းထဲ အလွယ်လေးသိနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အချုပ်အခြာအာဏာကွန်ရက်မှ ဦးမျိုးရန်နောင်သိန်းက ဆိုသည်။

“ထပ်ပြီးရှင်းအောင်ပြောရရင် ပျုစောထီးတွေဖွဲ့တာဟာ ကိုယ့်သေတွင်းကိုယ်တူးကြတာပါ။ အခုပျုစောထီးဖွဲ့စည်းတာဟာ ကြံဖွတ်၊ မဘသ၊ စစ်မှုထမ်းဟောင်း၊ စွမ်းအားရှင်တွေထဲကမှ ပြည်သူ့တရားစီရင်ရေးအတွက် တရားစီရင်ခံရမည်သူတွေကို ရွေးထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ပြည်သူတွေတရားစီရင်ဖို့ အများကြီး အစဉ်ပြေလွယ်ကူသွားပါတယ်”ဟု ဦးမျိုးရန်နောင်သိန်းက ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ပျူစောထီးအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ သရုပ်မှန်အား ဆန့်ကျင်ဘက်အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များ သိရှိနိုင်ခြင်း မရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှ မိမိတို့၏ အကောင့်အစစ်အမှန်တွင် ပျူစောထီးနှင့် သက်ဆိုင်သည့် အကြောင်းအရာများ ရေးသားဖော်ပြခြင်း၊ ကူးယူဖော်ပြခြင်းများ မပြုလုပ်ရန်နှင့် အကောင့်တု (Fake Account) များဖြင့်သာ ပျူစောထီးအကြောင်းအရာများ ဖော်ပြရန် အဆိုပါ အကောင့်တု (Fake Account) များဖြင့်သာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၏ Facebook Group များ၊ Messager Group များအတွင်း ဝင်ရောက်သတင်းယူရန် ၂၀၂၁ ခုနှစ် မေလ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ပျူစောထီးအဖွဲ့(ဗဟို)၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် သင့်မြတ်အောင်နေပြီး ၎င်းတို့အသွင်ယူကာ လုပ်ဆောင်မှုများ အတူပူးတွဲဆောင်ရွက်၍ အတွင်းသတင်းများ ရရှိအောင် ကြိုးစားဆောင်ရွက်ရန်၊ ရရှိလာသော သတင်းများအား လုံခြုံရေး တပ်ဖွဲ့ဝင်များ (စစ်ဘက် ရေးရာလုံခြုံရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့)နှင့် တိုက်ရိုက်ပေးပို့ခြင်း၊ လူကိုယ်တိုင် သွားတွေ့ခြင်းများ ရှောင်ရှားပြီး ပျူစောထီးအဖွဲ့(ဗဟို)မှ တစ်ဆင့်သာ ဆက်သွယ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်ကို တွေ့မြင်ရသည်။

ယင်းအပြင် ပြည်သူများအား ချပြထားသော သတင်းပေးပို့ရန် ဖုန်းနံပတ်များသည် အဖွဲ့ဝင်များ ယခင်ကိုင်ဆောင်နေသော ဖုန်းနံပတ်များ မဖြစ်စေရန်၊ ဖုန်းနံပတ်အား နှစ်လ တစ်ကြိမ် ပြောင်းလဲအသုံးပြုရန်နှင့် ထိုဖုန်းဖြင့်သာ Viber Group Telegram Channel များ ပြုလုပ်ပြီး သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူများ၏ အသံကို နားထောင်ရန်၊ မြို့နယ် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ဆောင်ရွက်ရာတွင် မြို့နယ်ခေါင်းဆောင်နှင့် စည်းရုံးရေးမှူး နှစ်ဦးသာ လုပ်ဆောင်၍ အဖွဲ့ဝင်များအား တစ်မြို့နယ်နှင့် တစ်မြို့နယ် သိရှိခြင်းမရှိစေရန် ညွှန်ကြားထားသည်။

မြို့နယ်အလိုက် CDM လုပ်ဆောင်နေသော ဝန်ထမ်းများအား Non-CDM လုပ်ဆောင်ပါက ကူညီချိတ်ဆက် ဆောင်ရွက် ပေးရန်၊ Non-CDM ဝန်ထမ်းများနှင့် CDM မှ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာသော ဝန်ထမ်းများအကြား ညှိနှိုင်း ဖြန်ဖြေပေးခြင်းများ ပြုလုပ်၍ CDM Supporting ရင်းမြစ်များကို စုံစမ်းဖော်ထုတ်ရန်လည်း ညွှန်ကြားထားကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တန်ပြန်အကြမ်းဖက်အဖွဲ့အစည်းဖွဲ့ပြီး စစ်အုပ်စုဘက်မှ တုန့်ပြန်လာနိုင်သည်ကို ကြိုတင်တွက်ဆထားသဖြင့် CRPH နှင့် NUG အနေဖြင့် ပြည်သူထိခိုက်မှု နည်းပါး‌စေရန်အတွက် ဖက်ဒရယ်အာမီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် ဘက်ပေါင်းစုံက ခိုင်မာမှု ရှိစေရန် အချိန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေးတွင် လှုပ်ရှားဆောင်ရွက် နေသည့် အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“မကြာခင် ပြည်တွင်းမှာ တိုက်ပွဲတွေ စတင်တဲ့အခါ အဲဒီပျူစောထီးအဖွဲ့ဝင်တွေကို ပထမဦးစားပေး ရှင်းလင်းရမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုအခါ စစ်အုပ်စုအနေဖြင့် ၎င်းတို့ လက်သပ်‌မွေးထားသည့် အကြမ်းဖက်စွမ်းအားရှင်အုပ်စု တစ်ခုကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြသလိုက်ပြီဖြစ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အနီးဆုံးရန်သူဖြစ်သည့် ပျူစောထီးအဖွဲ့၏ ခြေလှမ်းများကို လေ့လာစောင့်ကြည့်ကြရမည်ဖြစ်သည်။

စစ်အုပ်စု၏ အကြမ်းဖက်ဗျူဟာကို ကမ္ဘာသိအောင် ဖော်ထုတ်ကြရန်နှင့် ပျူစောထီး အကြမ်းဖက်အဖွဲ့၏ နောက်ကွယ်တွင် အာဏာသိမ်း စစ်အုပ်စု ရှိနေကြောင်းကိုလည်း ကမ္ဘာကို သက်သေတင်ပြရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required