ပြည်သူ့ပါတီက ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်ဖွဲ့စည်းရေး ဆွေးနွေး

ပြည်သူ့ပါတီက ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်ဖွဲ့စည်းရေး ဆွေးနွေး

မေ ၂၁

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့ပါတီက ရွေးကောက်ပွဲကော်မရှင်ပြင်ဆင်ဖွဲ့စည်းရေးကိုသာ ဆွေးနွေးခဲ့သည်ဟု ပါတီကိုယ်စားပြုတက်ရောက်ခဲ့သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

နေပြည်တော်တွင် သောကြာနေ့က ပြုလုပ်သည့် စစ်ကောင်စီက ဖွဲ့စည်းလိုက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အသစ်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် လတ်တလောဝေဖန်မှုခံနေရသည့် ပြည်သူ့ပါတီက ကော်မရှင်ပြင်ဆင်ဖွဲ့စည်းရမည့် ကိစ္စရပ်များကိုသာ အဓိက ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှု ကိစ္စရပ်တွေအတွက် သီးခြားလွတ်လပ်သော ခုံရုံးကိုဖွဲ့စည်းပေးရန်၊ ကော်မရှင်သက်တမ်းကို အစိုးရအဖွဲ့သက်တမ်းနှင့်မတူအောင်ဖွဲ့စည်းရန်၊ ၂၀၀၈ အခြေခံဥပဒေကြောင့် ပါတီနှင့် အစိုးရမသဲမကွဲ ဖြစ်နေသော အချက်များကို ပြင်ဆင်ရန် ထောက်ပြဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။ 

" UEC ဘက်ကတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရမယ့်ကိစ္စဖြစ်တယ်။ လောလောဆယ်တော့မလုပ်နိုင်သေးဘူးလို့ပြောတယ်။ လောလောဆယ်မလုပ်နိုင်သေးတာမှန်တယ်၊ သို့သော် လက်ရှိ UECအနေနဲ့ လာမယ့် ရွေးကောက်ပွဲကို ကျင်းပပေးရမှာလေ။ UEC မှာ ပြည်ထောင်စုအဖွဲ့အစည်းတွေက သူနဲ့သက်ဆိုင်တဲ့ ဥပဒေမူကြမ်းတွေ တင်ပြခွင့်ရှိတယ်။ ခုကျွန်တော်တို့တင်ပြချက်တွေကို တင်ပြမယ်ဆိုရင် သက်ဆိုင်ရာလွှတ်တော်က ဆွေးနွေးသွားလို့ရတာပေါ့။" ဟု  သူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကော်ကဖိတ်ကြားမှုကိုလက်ခံခဲ့သည့်အတွက် ပါတီတွင်း သဘောကွဲလွဲမှု၊ ဝေဖန်မှုများနှင့် ကြုံနေရသည့် ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး ကိုယ်တိုင်မတက်ရောက်ဘဲ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်စေလွှတ်ခဲ့သည်။  

 ဆွေးနွေးပွဲကို ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီ ၆၀ ဝန်းကျင်တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပါတီအများစုက ရွေးကောက်ပွဲကို အချိုးကျစနစ်(PR)စနစ်ဖြင့် လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။ ပြည်သူ့ပါတီက PR ကိစ္စကို ဆွေးနွေးခြင်းမရှိပါ။ 

ကော်မရှင်ကလည်း PRစနစ်ဖြင့် သွားမှာဖြစ်သည့်အတွက် ပါတီငယ်များ အချင်းချင်းပူးပေါင်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

ဆွေးနွေးပွဲကိုတက်ရောက်လာခြင်းမရှိသောပါတီများကို ပယ်ဖျက်ဖို့ ပါတီတစ်ချို့က တိုက်တွန်းမှုများလည်းရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly