ရုရှရဲ့ ရန်ဖက်တွေကို ‘သွားတွေ ဆွဲနုတ်ပစ်မယ်’ လို့ ပူတင် သတိပေး 

ရုရှရဲ့ ရန်ဖက်တွေကို ‘သွားတွေ ဆွဲနုတ်ပစ်မယ်’ လို့ ပူတင် သတိပေး 
Photo - AFP

မေ ၂၁

အနောက်အုပ်စုနဲ့ ဆက်ဆံရေး အတော်လေး တင်းမာနေတဲ့ကြားမှာပဲ သမ္မတ ဗလာဒီမာပူတင်ဟာ ရုရှတွေဟာ နိုင်ငံကို တိုက်ခိုက်လာသူ ဒါမှမဟုတ် ကြီးမားတဲ့ ပိုင်နက်နယ်မြေကို လိုချင်သူတွေရဲ့ ‘သွားတွေကို ဆွဲနုတ်ပစ်ကြလိမ့်’မှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ သတိပေးပြောလာခဲ့ပါတယ်။ 

အင်အားကြီးထွားတဲ့ ရုရှနိုင်ငံကို တောင်ပံတွေ ရိုက်ချိုးပစ်ဖို့ ရန်သူတွေဟာ အချိန်တိုင်း နည်းလမ်းရှာနေတယ်လို့ အစိုးရအစည်းအဝေးတစ်ရပ်မှာ ကရင်မလင် အကြီးအကဲ ပူတင်က ပြောပါတယ်။ 

“အားလုံးက ကျွန်တော်တို့ဆီကနေ တစ်နေရာရာကို၊ တစ်စုံတစ်ခုကို ကိုက်ဖဲ့ပစ်လိုနေကြတယ်”လို့ ပူတင်က ဆိုပါတယ်။ 

“ဒါပေမဲ့ အဲဒီလို လုပ်ကြမယ့် သူတွေအနေနဲ့ သိထားရမှာက ကျွန်တော်တို့ဟာ သူတို့ သွားတွေကို ဆွဲနုတ်ပစ်မှာ ဖြစ်ပြီး ဒါမှ မကိုက်ဖဲ့နိုင်ကြတော့မှာ ဖြစ်တယ်”ဆိုပြီး သူက ပြောပါတယ်။ 

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်မှာတောင် ကြီးမားတဲ့ ကုန်းမြေနဲ့ ကမ္ဘာ့အကြီးဆုံး ရုရှဟာ အချို့တွေအတွက်တော့ ကြီးမားလွန်းတဲ့ နိုင်ငံပဲလို့ ပူတင်က ပြောပါတယ်။ 

ရုရှရဲ့ ရန်သူတွေကို နာမည်အားဖြင့် အတိအကျ ပူတင်က မပြောပေမယ့် နိုင်ငံကို ကာကွယ်ဖို့ လက်နက်ကိုင်အင်အားစု ဖွံ့ဖြိုးကြီးထွားရေး ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ 

ဆယ်စုနှစ် နှစ်ခုကျော် အာဏာရယူထားတဲ့ အသက် ၆၈ နှစ်ရှိ ပူတင်ဟာ တံခါးဖွင့် အစည်းအဝေးတွေမှာ ရှင်းရှင်းဘွင်းဘွင်း ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။ 

 ရုရှနဲ့ အနောက်အုပ်စုကြားမှာ ယူကရိန်းနယ်စပ်မှာ ရုရှရဲ့ စစ်ရေးတည်ဆောက်မှု၊ အမေရိကန် ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှုနဲ့ အခြားသော ရန်လိုတဲ့ အပြုအမူတွေ အပါအဝင် ပြဿနာအရေးအရာ အထွေထွေနဲ့ ပတ်သက်လို့ တင်းမာမှု ရေချိန် မြင့်တက်လျက် ရှိနေတာပါ. 

ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က အိုက်စလန်မှာ ပြုလုပ်တဲ့ မျက်နှာချင်းဆိုင် အစည်းအဝေးတစ်ရပ်မှာ ရုရှနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေက ဆွေးနွေးညှိနှိုင်းမှုတွေအတွက် ဆော်ဩလာခဲ့တာနဲ့အတူ ဖြစ်နိုင်ခြေရှိတဲ့ ပြေလည်မှု အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly