အာရှနွယ်ဖွား အမေရိကန်တွေကို ကာကွယ်ပေးတဲ့ အမုန်းတရား ရာဇဝတ်မှု ဥပဒေကို ဂျိုးဘိုင်ဒင် လက်မှတ်ထိုး 

အာရှနွယ်ဖွား အမေရိကန်တွေကို ကာကွယ်ပေးတဲ့ အမုန်းတရား ရာဇဝတ်မှု ဥပဒေကို ဂျိုးဘိုင်ဒင် လက်မှတ်ထိုး 
Photo - AFP

မေ ၂၁

ကိုဗစ်-၁၉ ကပ်ဘေး ကာလအတွင်းမှာ တိုက်ခိုက်ခံရတာတွေ ပိုပြီး ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ အာရှနွယ်ဖွား အမေရိကန်တွေကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ အမုန်းတရား ရာဇဝတ်မှုဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

လူမျိုးရေးခွဲခြားမှုဟာ ကြောက်မက်ဖွယ်ရာ အဆိပ်အတောက်ပဲ ဖြစ်ပြီး နိုင်ငံအတွက် ရေရှည်ကပ်ဆိုးပဲ ဖြစ်တယ်လို့ အိမ်ဖြူတော်မှာ အာရှနွယ်ဖွား အမေရိကန်နိုင်ငံရေးသမားတွေနဲ့ ကွန်ဂရက် အကြီးတန်းအဖွဲ့ဝင်တွေကို ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

ကပ်ဘေးနဲ့ ဆက်စပ်ပြီး တရုတ်ဆန့်ကျင်ရေး သဘောထားနောက်ခံတွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု စာရင်းကို ရွတ်ပြရင်း အာရှနွယ်ဖွား အမေရိကန်အသိုက်အဝန်းဟာ မြေစာပင်တွေ သက်သက်သာ ဖြစ်ပါတယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ 

“အာရှနွယ်ဖွား အမေရိကန် တော်တော်များများဟာ တကယ်ကို သူတို့ရဲ့ ဘေးကင်းလုံခြံရေးကို စိုးရိမ်စိတ်တွေနဲ့ နိုးထလာရတယ်၊ တံခါးဖွင့် အပြင်ထွက်လည်း ကြောက်စိတ်က လွှမ်းနေတော့တယ်”လို့ သူက ပြောပါတယ်။ 

၂၀၂၀ မတ်လကနေ အခုနှစ်အထိ အမုန်းတရားဖြစ်ရပ်ပေါင်း ၆၆၀၃ ခု ဖြစ်ပွားပြီး အများစုကတော့ နှုတ်အားဖြင့် ကျူးလွန်စော်ကားတာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားရေးအဖွဲ့ Stop AAPI က ပြောပြီး တော်တော်များများ ဖြစ်ရပ်တွေကို ရဲတိုင်ကြားတာ ရှိပုံမရဘူးလို့ ဆိုပါတယ်။ 

ဂျိုးဘိုင်ဒင် မတိုင်ခင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ‘ချိုင်းနားဗိုင်းရပ်စ်’ ဆိုပြီး အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုတာဟာ လူမျိုးရေးခွဲခြားမှု စကားလုံးအဖြစ် အလျင်အမြန် ‌မွေးဖွားလာတယ်ဆိုတာမျိုးတော့ ဂျိုးဘိုင်ဒင်က ပြောဆိုတာမျိုး မရှိပါဘူး။ 

ကွန်ဂရက်မှာ ရှားရှားပါးပါး ပါတီကြီး နှစ်ရပ် တစ်ခဲနက် ထောက်ခံတဲ့ အခု ဂျိုးဘိုင်ဒင် လက်မှတ်ထိုးတဲ့ ဥပဒေကြမ်းဟာ အမုန်းတရားရာဇဝတ်မှုမျိုးတွေကို တိုင်ကြားနိုင်ဖို့အတွက် ပိုပြီး လမ်းဖွင့်ပေးပြီး ဒါကို တုံ့ပြန်အရေးယူရေးမှာလည်း အာဏာပိုင်တွေကို လုပ်ထုံးလုပ်နည်း ချောမွေ့စေရေး ကြိုးပမ်းဖော်ဆောင်ထားပါတယ်။ 

“ဒီ ဥပဒေဟာ ကျွန်တော့် နှလုံးသားထဲကကို လာတာပါ၊ အမုန်းတရားဆိုတာကို အမေရိကန်မှာ ကိန်းအောင်းခွင့် မပြုနိုင်ဘူး၊ ရေငုံနှုတ်ပိတ်နေတယ်ဆိုတာဟာလည်း ပါဝင်ကျူးလွန်ရာ မြောက်တာပဲ၊ ကျွန်တော်တို့ ကြံရာပါ အဖြစ်မခံနိုင်ဘူး”လို့ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required