ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နှင့်အရက်ဘားများ ပြန်ဖွင့်ရန်ညွှန်ကြားချက်မရှိသော်လည်း နားလည်မှုဖြင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နှင့်အရက်ဘားများ ပြန်ဖွင့်ရန်ညွှန်ကြားချက်မရှိသော်လည်း နားလည်မှုဖြင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်

မေ ၁၈

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နှင့် အရက်ဘားများ ပြန်ဖွင့်ခွင့်ရရှိရန် ညွှန်ကြားချက်များ ၊တရားဝင်ထုတ်ပြန်စာများ မရှိသော်လည်း နားလည်မှုဖြင့် ပြန်လည်ဖွင့်လှစ်နေကြခြင်းဖြစ်ကြောင်း  မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောကြားသည်။

"တရားဝင်ထုတ်ပြန်တာမျိုးတော့ ကျွန်တော်တို့လည်း မကြားမိဘူး။ ဒီလိုပဲ သူ့ဟာနဲ့သူ အဆင်ပြေတဲ့ဆိုင်တွေ ဖွင့်ကြတယ်။ အဆင်မပြေတဲ့ဆိုင်တွေက မဖွင့်ကြဘူးပေါ့။ ဒီကာလမှာတော့ တော်တော်လေးပြောဖို့ ခက်တယ်။ ကျွန်တော်တို့လည်း အခုလောလောဆယ်တော့ ဘာမှထုတ်ပြန်ချက်လည်း မရထားဘူး။ အားလုံးကတော့ ဒီလိုပဲ နားလည်မှုနဲ့ ဖွင့်နေကြတာ''ဟု စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောသည်။ 

မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အနေဖြင့်လည်း အသင်း၏ လုပ်ဆောင်ချက်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် ပြန်လည်ဖွင့်လှစ်နေသည့် စားသောက်ဆိုင်များ၏ အချက်အလက်ကို အသေးစိတ် မသိနိုင်သေးကြောင်း သူက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်ကာ အရက်ဘားများလည်း ညနေ ၄နာရီမှ ည၉နာရီအထိသော်လည်းကောင်း၊ ညနေ ၅နာရီမှ ည ၈နာရီခွဲအထိသော်လည်းကောင်း၊ တချို့ဆိုင်များတွင် နေ့လည် ၁၁နာရီမှ ည၉နာရီနှင့် နေ့လည် ၁၂နာရီမှည ၈နာရီခွဲအထိ ဖွင့်လှစ်ကြသည်။

စားသောက်ဆိုင်လုပ်ငန်းများသည်ရသမျှဝင်ငွေဖြင့် ဝန်ထမ်းစရိတ် ဆိုင်ဌားရမ်းခများ လည်ပတ်နိုင်အောင် လုပ်ဆောင်နေရခြင်း ဖြစ်သည်ဟု ဦးနေလင်းက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

"ကိုဗစ်ကာလအတောအတွင်းမှာ စီးပွားရေးက ကျထားတာဆိုတော့ အားလုံးကတော့ ရုန်းကန်ရတာပဲလေ။ ဝန်ထမ်းခတွေ ဆိုင်ဌားရမ်းခတွေ ပေးရတယ်။ တချို့ဆိုင်တွေက ဆိုင်ဌားရမ်းခလျော့ယူတာရှိပေမယ့် တချို့ကျ မလျော့တာရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်ပြန်ဖွင့်တော့ ဝင်ငွေလေးတော့ ပြန်ရှိလာတာပေါ့။ ''ဟု ဦးနေလင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly