ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြောင့် ထိုင်း စီးပွားရေး ထိခိုက်

ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြောင့် ထိုင်း စီးပွားရေး ထိခိုက်
Photo - AFP

မေ ၁၇

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပထမသုံးလပတ်ကာလအတွင်း ကျုံ့သွားခဲ့ကြောင်း  မေလ ၁၇ ရက်တွင် ထုတ်ပြန်သည့် တရား၀င်ဒေတာအချက်အလက်များက ပြသနေသည်။ အဓိကကျသည့် ခရီးသွားလုပ်ငန်းကဏ္ဍကို အထိနာစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများက ထိုင်း စီးပွားရေးအပေါ် ရိုက်ခတ်ထားခဲ့သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်က ၆ ဒသမ ၁ ရာခိုင်နှုန်း ကျုံ့ခဲ့ပြီး ယင်းသည် ၁၉၉၇ အာရှဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အဆိုး၀ါးဆုံးသော စီးပွားရေး ကျုံ့မှုဖြစ်ခဲ့သည်။

ပထမသုံးလတွင် နိုင်ငံ၏ ဂျီဒီပီသည် ၂ ဒသမ ၆ ရာခိုင်နှုန်း ကျုံ့ခဲ့ကြောင်း ထိုင်း အမျိုးသား စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီရုံး (NESDC) က ပြောသည်။

ထို့ပြင် NESDC သည် ၂၀၂၁ ခုနှစ် နိုင်ငံ စီးပွားရေး ပြန်လည် နာလန်ထူမှုအတွက် အလားအလာခန့်မှန်းချက်ကိုလည်း ယခင်ခန့်မှန်းချက်ဖြစ်သည့် ၂ ဒသမ ၅ နှင့် ၃ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁ ဒသမ ၅ နှင့် ၂ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချခန့်မှန်းခဲ့သည်။

တင်းကျပ်သည့် ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် နိုင်ငံခြားဧည့်သည် ပုံမှန်၀င်ရောက်မှုကို လျော့ကျစေခြင်းနှင့်အတူ ထိုင်းနိုင်ငံသည် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းတစ်ခုနှင့် ရင်ဆိုင်ထားရသည့်အတွက် စီးပွားရေး လည်ပတ်မှုများအပေါ် ကန့်သတ်ပိတ်ပင်မှုအသစ်များ ချမှတ်ထားရသည်။

ထိုင်းနိုင်ငံတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၁၁၁,၀၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly