ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး မထိုးပေးဘဲ ဆင်းရဲတဲ့ နိုင်ငံတွေကို လှူဖို့ WHO တိုက်တွန်း

ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး မထိုးပေးဘဲ ဆင်းရဲတဲ့ နိုင်ငံတွေကို လှူဖို့ WHO တိုက်တွန်း
Photo - AFP

မေ ၁၅

ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကိုဗစ်-၁၉ တိုက်ထုတ်ရေးမှာ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးနှံပေးနေတာကို ရပ်ပစ်ပြီး အဲဒီအစား ဆင်းရဲတဲ့ နိုင်ငံတွေကို လှူဒါန်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ တိုက်တွန်းပါတယ်။ 

ကပ်ဘေးရဲ့ ဒုတိယနှစ်ဟာ ပိုပြီး အသေအဆုံး များဖို့ ရှိနေတယ်လို့လည်း သတိပေးရင်း ပြောဆိုလာတာ ဖြစ်ပါတယ်။ 

ချမ်းသာတဲ့ နိုင်ငံတော်တော်များများမှာ အခုဆိုရင် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကိုပါ ကာကွယ်ဆေး ထိုးနှံပေးနေပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပိုပြီး ခုခံကာကွယ်အားနည်းတဲ့ သူတွေကို စတင် ထိုးပေးနေရုံ ရှိနေတာအတွက် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဟမ်နွမ်ဂျီဘရီယေဆက်စ်က ခံပြင်းစွာ ပြောဆိုပါတယ်။ 

ငယ်ရွယ်ပြီး ကျန်းမာတဲ့ ပြည်သူတွေကို ကာကွယ်ဆေး ထိုးပေးမယ့်အစား ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး မျှဝေမှု အစီအစဉ် Covax ဆီ အဲဒီ ကာကွယ်ဆေးတွေ လှူဒါန်းဖို့ နိုင်ငံတွေကို တက်ဒရော့စ်က တိုက်တွန်းပါတယ်။ ဒီလိုမှပဲ အားလုံးသော နိုင်ငံတွေက ပိုပြီး လိုအပ်နေသူတွေအတွက် ကာကွယ်မှုကို ရရှိဖို့ ကျိန်းသေမှာ ဖြစ်ပါတယ်။ 

“လူ့ကျင့်ဝတ်နဲ့ ဆိုင်တဲ့ ကပ်ဘေးတစ်ရပ် ဖြစ်နိုင်ခြေအကြောင်းကို ဇန်နဝါရီလတုန်းက ကျွန်တော် ပြောခဲ့ဖူးတယ်”လို့ သတင်းစာရှင်းလင်ပွဲမှာ တက်ဒရော့စ်က ပြောပါတယ်။ 

“စိတ်မကောင်းစွာဘဲ ဒီ ကပ်ဘေး စလာနေတာကို ကျွန်တော်တို့ မျက်မြင်တွေ့နေရပြီ၊ ကာကွယ်‌ေး အများစုကို ဝယ်ယူပြီးဖြစ်တဲ့ လက်တစ်ဆုပ်စာ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ဘေးအန္တရာယ် နည်းပါးတဲ့ လူအုပ်စုကိုပါ အခုဆို ကာကွယ်‌ဆေး ထိုးပေးနေတယ်”ဆိုပြီး သူက ပြောပါတယ်။ 

“တစ်ချို့နိုင်ငံတွေ သူတို့ဆီက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကိုပါ ဘာကြောင့် ကာကွယ်ဆေး ထိုးပေးချင်ရသလဲဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ အဲဒီလို ဘေးနည်းသူတွေကိုပါ ကာကွယ်ဆေး ထိုးပေးမယ့်အစား Covax စီမံချက်ဆီ လှူဒါန်းပေးကြဖို့ ကျွန်တော် အခု တိုက်တွန်းပါတယ်၊”လို့ သူက ဆိုပါတယ်။ 

“ဝင်ငွေနည်းနိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ခုခံနိုင်စွမ်း ရှိဖို့အတွက်တောင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးပေးနိုင်တာတွေ ရှိနေတယ်၊ ဆေးရုံတွေမှာလည်း အသက်ကယ်ပေးဖို့ အားချင်းလိုအပ်နေတဲ့ လူနာတွေနဲ့ ပြည့်နေတယ်၊ ဒါကြောင့် ကျွန်တော် တိုက်တွန်းနေရတာပါ”လို့ သူက ပြောပါတယ်။ 

ကမ္ဘာတစ်ဝန်း နယ်မြေဒေသ အနည်းဆုံး ၂၁၀ မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၄ ဘီလီယံနီးပါး ထိုးနှံပေးပြီးကြောင်း အေအက်ဖ်ပီရဲ့ စစ်တမ်းအရ သိရပါတယ်။ 

ဒီ ထိုးနှံပြီးတဲ့ နှုန်းထားမှာ ၄၄ ရာခိုင်နှုန်းက ကမ္ဘာလူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းရှိတဲ့ ဝင်ငွေမြင့်နိုင်ငံတွေက ဖြစ်ပါတယ်။ 

ကမ္ဘာ့လူဦးရေရဲ့ ၉ ရာခိုင်နှုန်းရှိရာ ဝင်ငွေအနိမ့်ဆုံး ၂၉ နိုင်ငံမှာတော့ ၀ ဒသမ ၃ ရာခိုင်နှုန်းပဲ ကာကွယ်ဆေး ထိုးနှံပေးနိုင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly