နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ မေ ၂၀၂၁)
ပုံ - မေလ ၁၄ ရက်၊ ရန်ကုန်မြို့ရှိ မြို့နယ်များမှ ပြည်သူများစုပေါင်း၍ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• နံနက် ၈ နာရီကျော်က အလုံ၊ ဆင်မင်းစျေးတွင် မြို့ခံလူငယ်များက အင်အား ၁၅၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ အဆိုပါ သပိတ်စစ်ကြောင်းတွင် ဒေါပုံ၊ မြောက်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသည့် မြို့နယ်များမှ လူငယ်သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• စမ်းချောင်း၊ မြေနီကုန်းရှိ ဒဂုံစင်တာ (၂) တွင် ဗုံးတွေ့သည်ဟုဆိုကာ ယနေ့နံနက် ၁၀ ကျော်ခန့်က မြေနီကုန်းမီးပွိုင့်မှ ဟံသာဝတီအဝိုင်းအထိ ကားလမ်းများပိတ်ထားခဲ့သည်။ 

• လှိုင်သာယာမြို့နယ်နေ လူငယ်များက ယနေ့ နံနက်ပိုင်းတွင် "အကြမ်းမဖက် တော်လှန်ရေး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• ဒဂုံတက္ကသိုလ် နားနေဆောင် (၂) အနီးတွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကျောင်းဝင်းအတွင်းရှိသူများ ထွက်ခွင့်မပေးဘဲ ကျောင်းဝင်းတံခါးပိတ်ထားကြောင်း သိရသည်။ 

• လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက် မြနန္ဒာအိမ်ရာတွင်းရှိ အ.မ.က (၃) မူလွန်ကျောင်းကို ယနေ့နံနက်ပိုင်းက စည်ပင်၊ လိမ္မော်ရောင် ဝတ် သန့်ရှင်ရေးဝန်ထမ်းများနှင့် အရပ်ဝတ် စစ်သားများက သန့်ရှင်းရေးလာလုပ်လျက်ရှိသည်ဟု သိရသည်။ 

• မင်္ဂလာဒုံမြို့နယ် အ.ထ.က (၆) ကျောင်းရှေ့တွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြု လုပ်ခဲ့သည်။ 

• ထောက်ကြံ့ ကညနရုံးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပြတင်းပေါက်မှန်များ ကွဲအက်လွင့်စင်ကုန်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။ 

• တောင်ဒဂုံမြို့နယ်နေ လူငယ်များကလည်း ယနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသည်။ 

• မြို့ပေါ် စျေးတစ်ခုတွင် ရန်ကုန်အခြေစိုက် ဆေးမိသားစုဝင်များက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကာ ပြည်သူများလည်း သွေးမအေးကြရန်အတွက် တိုက်တွန်းခဲ့သည်။ 

• ကမာရွတ်မြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒပြခဲ့ကြသည်။ 

• မရမ်းကုန်းမြို့နယ်တွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ်ကို လူငယ်များက ပြုလုပ်ခဲ့ကြ သည်။ 

• သုံးခွမြို့နယ်နေ လူထုကလည်း စစ်အုပ်စုယန္တရားများ အပြီးတိုင်ရပ်ဆိုင်ရေးအတွက် ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များ တပ်စွဲထားသည့် မြို့ရှေ့ကျောင်း အ.ထ.က၊ ပြည်သူ့ဆေးရုံနှင့် စည်ပင်ရုံးတို့တွင် ညနေ ခြောက်နာရီကျော်က ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် ည ၁၀ နာရီကျော်တွင် ဘူတာလမ်းဆုံမီးပွိုင့်တွင် ထပ်မံပေါက်ကွဲခဲ့ရာ ထိခိုက်မှု များ မရှိခဲ့ဟု သိရသည်။ 

• ယမန်နေ့ည ၇ နာရီခွဲခန့်က မန္တလေး ၃၅ လမ်း (၆၀ – ၆၁ ကြား) ရှိ Win Win 35 စားသောက်ဆိုင်တွင် ဆိုင်ကယ်စီးလာသူ တစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဆိုင်ရှေ့တွင် ရပ်ထားသည့် AD Van ကားမှန်များ ကွဲအက်ပျက်စီးသွားခဲ့ ကြောင်း သိရသည်။ 

• မန္တလေးတွင် အကြမ်းဖက်စစ်အုပ်စု နည်းပေါင်းစုံသုံး ဖြိုခွင်းနေသည့်ကြားကပင် တပ်ပေါင်းစုသပိတ်စစ်ကြောင်းက ယနေ့ နံနက်ပိုင်းတွင်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ် တိုက်ပွဲဝင်ခဲ့သည်။ တပ်ပေါင်းစုတွင် ဘုရားကြီး ငြိမ်းချမ်းရေး၊ သမဝါယမတက္ကသိုလ်ကျောင်းသားများ၊ စိ်နပန်း၊ ပညာရေး၊ ဒေါင်းစစ်သည်၊ ခွပ်တဲ့ဒေါင်း G-Z စစ်ကြောင်းတို့ ပါဝင်သည်။

• မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ – တကသ သပိတ်စစ်ကြောင်း နေ့စဉ် စစ်အာဏာရှင်စနစ်အား ဆန့်ကျင် တော်လှန်လျက်ရှိရာ ယနေ့တွင်လည်း မန္တလေးမြို့ အထင်ကရလမ်းဖြစ်သည့် ၃၅ လမ်းမကြီးပေါ်တက်ကာ ဆန္ဒပြခဲ့ကြ သည်။ 

• မန်း လေးပြင်ရပ်သံဃာတော်များ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာလည်း ယနေ့ နေ့လယ်ပိုင်းက NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းကျောက်ဝိုင်းရှိ ကျောက်မျက်ရတနာကုန်သည်ပွဲစားများ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မန္တလေး ၇၈ နှင့် ၃၈ လမ်း၊ မျက်ပါးရပ်တပ်ပိုင်မြေတွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ် သူတည်ဆောက်ထားသည့် ရတနာပုံခန်းမဖွင့်ပွဲအား ယနေ့ ပြုလုပ်ခဲ့ရာ လုံခြုံရေးအထူးတင်းကြပ် ထားကြောင်း ယင်းအနီးသို့ သွားရောက်ခဲ့သည့် မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ အဆိုပါ ခန်းမဆောင်ဖွင့်ပွဲတွင် လာရောက်တီးခတ်ပေးရန်အတွက် မန္တလေးမြို့ဂုဏ်ဆောင် မြို့မအဖွဲ့အား ဖိအားပေးခေါ်ယူခဲ့သည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

• စစ်အုပ်စုက ကျုံးဘေးတစ်လျှောက်တွင် ပြန်ဖွင့်ပေးထားကာ ပတ်စ်ပို့ရုံးနှင့် ကညနရုံးများ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ လူ စည်ကားလျက်ရှိပြီး စစ်ဝတ်စုံဝတ် လက်နက်ကိုင်အချို့လည်း လုံခြုံရေးများ ချထားသည်ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ 

• မန္တလေးမြို့ပေါ်တွင် လယ်သာပိုက်ဆံအိတ်ငယ်များ လွယ်ထားသည့် သုံးဦးမှ လေးဦးအထိ ပါဝင်သည့် လူအုပ်စုများ များပြားလာကာ နန်းရှေ့စျေးတွင်းနှင့် မြို့တွင်း လက်ဖက်ရည်ဆိုင်များတွင် ဝင်ထွက်သွားလာလျက်ရှိသည်ဟု သိရသည်။ ထို့ပြင် ဆိုင်ကယ်သာ အစီးများသည့် မြို့ပေါ်လမ်းများပေါ်တွင်လည်း နေ့ခင်းပိုင်းများ၌ စက်ဘီးစီးသူများ ပိုမိုများပြားလာ သည်ဟုလည်း မန္တလေးမြို့ခံများက အတည်ပြု ပြောဆိုသည်။ 

• မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်းအိမ် မမ ၁၆၊ တိုက်အမှတ် ၁၉၊ ပထမထပ်တွင် ယနေ့ညနေ ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ပါဆယ်ထုတ်မှတစ်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ် ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယမြောက် ပါဆယ်ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ယနေ့နံနက်ပိုင်းကလည်း မန္တလေး ကျောက်စိမ်းဝိုင်းနှင့် ကလေးသူငယ်တရားရုံးတို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်သူ မရှိခဲ့ပေ။ 

• ပြင်ဦးလွင်မြို့နေ အမျိုးသမီးများ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

• မြင်းခြံခရိုင်၊ တောင်သာတွင်လည်း ယနေ့နံနက်ပိုင်းက မြို့ပေါ်ကျောင်းအချို့ရှေ့တွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• မန္တလေး၊ သပိတ်ကျင်းတွင်လည်း စစ်အုပ်စု ဖိနှိပ်မှုများအား တွန်းလှန်ပုန်ကန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ညောင်ဦးတွင်လည်း ဒေသခံများက ပင်မသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• အစ္စလာမ်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် ယနေ့ကျရောက်သည့် အီးဒ်နေ့တွင် မန္တလေးမြို့ခံ အစ္စလာမ် ဘာသာဝင်များက ပျော်ပွဲရွှင်ပွဲများ မလုပ်ကြဘဲ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြောင်း စာများ ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• မန်း အောင်မြေသာစံမြို့နယ်၊ ၅၈ လမ်းနှင့် ၂၄ လမ်းတွင် မေလ ၂ ရက်က ဆန္ဒပြဖြိုခွင်းစဉ်က ဖမ်းဆီးခံခဲ့ရသူ မြန်မာစာပြ ကျုရှင်ဆရာ ဦးကျော်ကျော်ဦးမှာ ပြင်ဦးလွင်စစ်ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကာ ကျန်ရှိသည့်ရုပ်အလောင်းကိုလည်း မိသားစုများ ပြန်မရခဲ့သည့်အတွက် ယနေ့တွင် ရက်လည်ဆွမ်းသပ် အမျှဝေခဲ့ကြသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်အုပ်စုဘက်က လမ်းမကြီးများပေါ်တွင် ဂိတ်ထား၍ စစ်ဆေးမှုများ ပြုလုပ်နေခြင်းမှာ ပြည်သူများအား အကြပ်အတည်းဖြစ်စေရန် ဖန်တီးခြင်းသာဖြစ်၍ လက်ခံနိုင်ခြင်းမရှိကြောင်း ကျောက်ကြီး KNU မြို့နယ်အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားသည်။ 

• ကြို့ပင်ကောက်မြို့လယ် နာရီစင်တွင် ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ရေးသားထားသည့် ပိတ်စကြီး ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ပဲခူးတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်များက "အခွန်မဆောင်နဲ့၊ မီတာမဆောင်နဲ့၊ ဘာမှ မဆောင်နဲ့" အပါအဝင် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သည့် စာရွက်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ပဲခူး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းမှ ကျောင်းစိုးကျေးရွာနေ နယ်ထိန်းရဲတပ်သား သီဟဇော်မှာ ပြည်သူများဘက်က ရပ်တည်က CDM ပြုလုပ်လိုက်ပြီ ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ရေဦးတွင် ယနေ့နံနက်ပိုင်းက ပညာရေးမိသားစုများနှင့် ကျောင်းသား၊ မိဘပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချောင်းဦးကြီးကျေးရွာနေ သံဃာနှင့် ဒေသခံများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ကို ထောက်ခံကြောင်း၊ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာနေ လူငယ်များက စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။

• ဆားလင်းကြီးမြို့နယ်တွင်လည်း ကျေးရွာပေါင်းစုံ စုပေါင်းကာ ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မုံရွာ၊ အမြင့်လမ်းသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက ရောင်စုံစက္ကူများဖြင့် ကြာဖူးပုံများ ခေါက်ကာ စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ကလးမြို့ခံများက စစ်အုပ်စုဘက်က လုံခြုံရေးအင်အားတချို့ တိုးမြှင့်ထားသည့်ကြားကပင် စစ်ကြောင်းများခွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းကလည်း ဘူတာလမ်းခွဲစျေးအနီးတွင် နေထိုင်သည့် လူငယ်နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။ 

• တန့်ဆည်မြို့နယ်တွင်လည်း ကျေးရွာများစုပေါင်း ဆိုင်ကယ်သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင် တော်လှန်ခဲ့သည်။ 

• ဝက်လက်မြို့နယ်တွင်း ကျေးရွာများတွင်လည်း ဒေသခံများက ကျေးရွာတွင်းကျောင်းများ၌ စစ်ကျွန်ပညာရေးအလိုမရှိ ကြောင်း စာများရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ရွှေဘို၊ လုံးတော်ရွာတွင်လည်း ဒေသခံများနှင့် ကျောင်းသားလေးများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကောလင်းမြို့နေ လူထုကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ရေနံချောင်းမြို့တွင် မီနီအိုးဝေယာဉ် မောင်းနေသည့် Tomorrow ဂျာနယ်သတင်းထောက် ကိုအောင်ကျော်ဦးအား စစ်အုပ်စု လက်နက်ကိုင်များက ယမန်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားသည်ဟု သိရသည်။ 

• သရက်ခရိုင်၊ သရက်မြို့နယ်တွင်လည်း တရားမျှတရေး၊ လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာစေရေးတို့အတွက် သရက်မြို့နယ် အတွင်းရှိ အလွှာပေါင်းစုံ ပါဝင်တဲ့ အမှန်တရားကို လိုလားတဲ့ အင်အားစုတွေစုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ကို ဖွဲ့စည်း လိုက်ပြီ ဖြစ်သည်။ 

• ပခုက္ကူမြို့ပေါ် ကျောင်းအချို့တွင် မြို့ခံလူငယ်များက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆေးနီများ ပတ်ဖြန်း၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ပခုက္ကူ၊ ကမ္မမြို့တွင်လည်း ဒေသခံများက ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်ပြုတ်ကျရေး အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့ သေးသည်။ 

• ဂန့်ဂေါခရိုင်၊ ယောဒေသတွင် မြို့ရွာများ စုပေါင်း၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ယော ကို ဖွဲ့စည်းလိုက်သည်။

• မင်းဘူး/စကု တွင်လည်း ဒေသခံများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ကို ထူထောင်လိုက်ပြီ ဖြစ်သည်။

• ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆလိုင်းလောရှိန်းကီနှင့် အထွေထွေအတွင်းရေးမှူး ကိုနိုင်လင်းအောင်အား စစ်အုပ်စုက ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်သည်။ ၎င်းတို့အား ဖေဖော်ဝါရီလ ၁၉ ရက်ညပိုင်းက Non CDM လုပ်နေသည့် ပါမောက္ခချုပ်နှင့် တွေ့ဆုံရန် ကျောင်းဝန်းထဲ သွားစဉ် စစ်အုပ်စုဘက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူ၊ ကံပေါက်ဒေသတွင် ဒေသခံများက ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး၊ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေးမြို့၊ အ.ထ.က (၁) ကျောင်းရှေ့မျက်နှာစာတွင် ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း သွေးသပိတ်ပြုလုပ် ခဲ့သည်။ ရေးမြို့၊ အောင်သုခရပ်ကွက်နေ ၂၀၂၀ ရွေးကောက်ပွဲ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အငြိမ်းစားဗိုလ်မှူးဟောင်း ဦးအောင်နိုင်ဝင်းအိမ်တွင် ယမန်နေ့ ည ၇ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ရာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

• ထားဝယ် ပင်မသပိတ်စစ်ကြောင်းနှင့် တပ်ပေါင်းစုသပိတ်စစ်ကြောင်းတို့က ယနေ့နံနက်အစောပိုင်းများတွင် စစ်ကြောင်းများ ခွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ထားဝယ်လူငယ်ရေးရာသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်၊ သကျက်တောကျေးရွာတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် အောက်ကျောင်းဝပ်ရွာ၌ အာရုဏ်ဦးသပိတ်၊ မောင်းမကန်၊ စစ်ပြဲ၊ ညင်းမော် စသည့် ကျေးရွာများတွင်လည်း ကျေးရွာသပိတ်စစ်ကြောင်းများ ထွက်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• သရက်ချောင်းမြို့နယ်၊ ကနက်သီရိနှင့် ပန်းတောရွာတို့တွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒပြခဲ့ကြသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ကန်ကြီးထောင့်မြို့နယ်တွင်းရှိ CDM ဝင်ထားသည့် ပညာရေးဝန်ထမ်းများအား စစ်အုပ်စု၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်များက အမှုစစ်ဆေးရန် ရှိသည်ဟုဆိုကာ လာရောက်တွေ့ဆုံရန် ဖိအားပေးလျက် ရှိသည်။ မြို့နယ်နေ ပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း Paper Strike ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ 

• လပွတ္တာမြို့နယ်နေ ပြည်သူများက မြို့ပေါ်ကျောင်းအချို့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပုသိမ်တွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများ စုပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဧရာဝတီတိုင်းတွင်းရှိ CDM ပြုလုပ်နေသည့် အထက်တန်းနှင့် အလယ်တန်းကျောင်းအုပ် ၆၁ ဦးကို စစ်အုပ်စုက အလုပ်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားသည်။ 

• ကြံ့ခင်းမြို့နေ လူငယ်အချို့ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့ခံ လူငယ်အချို့ကလည်း စစ်အာဏာရှင်စနစ် ဖီဆန်ကြောင်း ပျောက်ကြားသပိတ်ပြုလုပ်ခဲ့သည်။

• ကျိုက်မရောမြို့နေ အစ္စလာမ်ဘာသာဝင် လူငယ်များကလည်း ဘာသာရေး အထိမ်းအမှတ် အီးဒ်နေ့တွင် ပျော်ပွဲရွှင်ပွဲလုပ် ခြင်းများ မပြုလုပ်ဘဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ သပိတ်မှောက်တော်လှန်ခဲ့ကြ သည်။ 

ကချင်ပြည်နယ်

• နမ္မတီးတွင်လည်း ဒေသခံများက နေ့စဉ်လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ်ပြုလုပ်၍ ဆန္ဒထုတ်ဖော်လျက်ရှိ သည်။ 

• မြစ်ကြီးနားမြို့ ပုဂ္ဂလိကပိုင် ကမေ္ဘာဇဘဏ် (၁) ရှေ့တွင် ယနေ့နံနက် ၆ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး ယူထားသည့် စစ်အုပ်စုလက်နက်ကိုင် စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

• မိုးကောင်းတွင် ယနေ့နံနက် ၆ နာရီခန့်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း လူထုသပိတ်ကို ဒေသခံများက တစ်နာရီ ကြာ ပြုလုပ်ခဲ့သည်။ 

• မြစ်ကြီးနား အထွေထွေသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တွန်းလှန်ခဲ့သည်။ 

• ဖားကန့် မှော်ပေါင်းစုံသပိတ်စစ်ကြောင်းကလည်း လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် လူအင်အား ရာနှင့်ချီ စုဝေး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တာမခန်မြို့သစ်တွင်လည်း ဒေသခံများက NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• မိုးညှင်းတွင် ယနေ့နံနက်ပိုင်းက မြို့တွင်းစျေးများအတွင်း၌ ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအ တွက် ဆန္ဒပြခဲ့ကြသည်။ 

• ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ထွေအုပ်ရုံးတွင် အုပ်ချုပ်ရေးမှူး နှုတ်ဆက်ပွဲလုပ်နေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ဗန်းမော်တွင်လည်း ဒေသခံများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်သည်။

• မံစီမြို့နယ် မဒန်ယန်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲခန့်ကစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် စစ်အုပ်စု လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားနေရာ ၁၀ နာရီခန့်ကလည်း စစ်အုပ်စုဘက်မှ လေကြောင်းမှတစ်ဆင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ်နေ ပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် မြို့နယ်တွင်း ကျေးရွာများ သို့ လှည့်လည်ကာ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• လွိုင်ကော် နာနတ်တောရပ်ကွက်တွင် မေလ ၁၂ ရက်က ဖမ်းဆီးခံရသူ ၁၄ ဦးအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ယမန်နေ့ည ၇ နာရီကျော်က ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကာ ဖမ်းဆီးသွားသည့်နေ့ကပင် ငါးဦး ပြန်လွှတ်ပေးထားပြီး ဖြစ် သည့်အတွက် ခြောက်ဦး ဆက်လက်ထိန်းသိမ်းခံထားရကာ မသန်စွမ်းအမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ 

• ဖရူဆိုတွင် ယနေ့ နံနက် ၈ နာရီခွဲခန့်က မြို့နယ်ထွေအုပ်ရုံးရှေ့တွင် အတားအဆီးပြုလုပ်ထားသည့် ပေပါပုံးများအား အိမ်စီးကားတစ်စီးက ဝင်တိုက်ခိုက်မိရာ စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ကားမှာမူ မောင်းပြေးသွားသည်ဟု သိရသည်။ 

• စစ်အုပ်စု နည်းပေါင်းစုံသုံး ဖိနှိပ်နေသည့်ကြားကပင် လွိုင်ကော်မြို့နေ ပြည်သူများက ထေးငှားလျားကျေးရွာတွင် စုပေါင်း သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

ကရင်ပြည်နယ်

• လှိုင်းဘွဲ့မြို့ ပြည်သူ့ဆေးရုံးဝင်းအတွင်းတွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့် ၉ နာရီကျော်က ပေါက်ကွဲ မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အဆောက်အဦအချို့ ပျက်စီးခဲ့သည်ဟု သိရသည်။ 

• မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု၊ အင်ကြင်းမြိုင်ကျေးရွာမှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးဇော်ကို အမည်မသိအဖွဲ့အစည်းတစ်ခုက မေလ ၉ ရက်က ဖမ်းဆီးခေါ်ဆောင်သွားရာ ယမန်နေ့ (မေလ ၁၃) ရက်က ဖလူးလေးကျေးရွာအလွန် မြဝတီ-ဝေါလေလမ်းဘေးရှိ သုံးထပ်ကွေ့အနီး သောင်းရင်းမြစ်ထဲတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။ 

• မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ဆိုင်ကယ်တင်သွင်းခွင့်လိုင်စင် ထုတ်ပေးခြင်းနှင့် ဆိုင်ကယ်တင်သွင်း ခြင်းများကို မေလ ၁၃ ရက်ကစ၍ ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။ 

ချင်းပြည်နယ်

• စစ်အုပ်စုဘက်က မြို့အား စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း "မင်းတပ်မြို့နယ်သည် အကြမ်းဖက်ကောင်စီ၏ မာရှယ်လောထုတ်ပြန်ခြင်းစသည့် မည်သည့်အုပ်ချုပ်ရေးပုံစံမျိုးမှ အကျုံးမဝင်ဘဲ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အုပ်ချုပ်မှုယန္တရား အပြည့်အဝသက်ရောက်ပြီဖြစ်ကြောင်း" မင်းတပ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။ 

• ဟားခါးတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ရာ စစ်တပ်နှင့် ရဲများက လာရောက်ဖြိုခွင်းခဲ့သည့်အတွက် သုံးဦး ဖမ်းဆီးခံခဲ့ရသည်။

• ဟားခါးတွင် စစ်အုပ်စုဘက်က ဖမ်းဆီးပြီးနောက် သေဆုံးသွားသည့် ပူးတရဲလ်လိန်းနှင့် ပူးခမ့်ဘွေးတို့၏ ရုပ်အလောင်းများ အား မိသားစုထံ ပြန်ပေးရန်နှင့် ဟားခါးမြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသူများအားလုံးအား ပြန်လွှတ်ပေးရန် ဟားခါမြို့နေ ပြည်သူလူထုတစ်ရပ်လုံးက တောင်းဆိုထားသည်။ 

• မင်းတပ်မြို့တွင် Chinland Defense Force အဖွဲ့များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက စစ်အုပ်စုဘက်မှ မြို့အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမရှိဖြစ်နေကာ မင်းတပ်မြို့နယ် လျှပ်စစ်ခွဲရုံးမှူး လက်ထောက်အင် ဂျင်နီယာ ဦးဝေဖြိုးသန့်မှာ ကျည်ထိမှန် ကျဆုံးခဲ့ကာ CDF ဘက်မှလည်း တစ်ဦးကျဆုံးထားသည်ဟု သိရသည်။ ညနေ ၃ နာရီခွဲခန့်ကလည်း မင်းတပ်မြို့သို့ စစ်ရဟတ်ယာဉ်ဆင်းသက်ခဲ့ကာ စစ်အုပ်စုဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိသည်။ 

ရှမ်းပြည်နယ်

• ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် လူငယ်များက တိုင်းရင်သားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ်အား လမ်းပေါ်ထွက်တော်လှန်ခဲ့ကာ မြို့နယ်တွင်းရှိ ဓာတ်တိုင်များနှင့် လူသွားလူလာများသည့် နေရာများတွင်လည်း "မူဆယ်ဆိုတာ ငကြောက်မြို့လား"၊ "တစ်နိုင်ငံလုံးကြွေကုန်ပြီ မူဆယ်သားတွေ ဘယ်ပျောက်နေလဲ"၊ "သွေးမစည်းတဲ့ မူဆယ်မြို့လို့ ရာဇဝင်ရိုင်းတော့မှာလား" စသည့် စာရွက်များကိုလည်း ကပ်ထားခဲ့သည်။ 

• ရှမ်းမြောက်ဒေသ သီပေါမြို့တွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့်စာများအား စံပယ်ပန်းများဖြင့် ရေးသား ပုံဖော်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့ကြသည်။ 

• ကျောက်မဲမြို့တွင် မြို့ခံလူငယ်များက အင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက်ချီတက် သပိတ်မှောက်ခဲ့ကြသည်။ သပိတ်စစ်ကြောင်းအား စစ်အုပ်စုဘက်က လာရောက်ဖြိုခွင်းခဲ့သော်လည်း လူပြန်စုက ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• လားရှိုးပညာရေးဒီဂရီကောလိပ်တွင် စစ်အုပ်စုလက်အောက် လုပ်နေသည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား ဆန့်ကျင်သည့်အ နေဖြင့် CDM ဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသားသမဂ္ဂ၊ ကျောင်းသားဟောင်းများဖြင့် ယာယီအုပ်ချုပ်ရေးကောင်စီ ကို ဖွဲ့စည်းလိုက်သည်။ 

• တောင်ကြီးနည်းပညာတက္ကသိုလ်အနီးတွင် ယနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနီးရှိ ဒေသခံပြည် သူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ တက္ကသိုလ်အနီးတွင်လည်း စစ်အုပ်စုဘက်က အင်အားဖြည့်ကာ လုံခြုံရေးတင်းကြပ်ထားလျက် ရှိသည်။ 

• တောင်ကြီးတွင် စစ်အုပ်စုလက်နက်ကိုင်များက ရပ်ကွက်တွင်းဒလန်များဆီမှ အချက်အလက်များ ကောက်ယူကာ လူမနေသည့် နေအိမ်များအား သော့ဖျက် ဝင်ရောက်၍ ဆိုင်ကယ်နှင့် ပစ္စည်းများအား ယူဆောင်လျက်ရှိသည်ဟု သိရသည်။ 

• တောင်ကြီးတွင် မြို့ခံလူငယ်များက စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် ပစ်တိုင်းထောင်ရုပ်များ တွင် စစ်အုပ်စုအား ဆန့်ကျင်ကြောင်းစာများရေးကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• နမ့်ခမ်းနေ ပြည်သူများက အင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သွေးမအေးသေးကြောင်း ပြသသည့် အနေဖြင့် "သွေးမအေးသပိတ်" အမည်ဖြင့် မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ရခိုင်ပြည်နယ်

• ရခိုင်ပြည်နယ်တွင် NLD ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။ ဖမ်းဆီးခံရသူများတွင် ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် သမီးအပါအဝင် ဝန်ကြီးဟောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအပြင် ဦးညီပု၏ ကိုယ်ရေးအရာရှိ ဦးကြည်မိုးထွန်းတို့လည်း ပါဝင်သည်။ 
• စစ်အုပ်စုက ဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင်က မေလ ၂၁ ရက်တွင် ပါတီများနှင့် တွေ့ဆုံရန် ပြင်ဆင်ထားရာ ရခိုင့်ဦးဆောင်ပါတီ - AFP တက်ရောက်မည်ဖြစ်ကာ ကျန်ရခိုင်နှစ်ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ - ANP နှင့် ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ် - ALD တို့ဘက်ကမူ မဆုံးဖြတ်ရသေးကြောင်း သိရသည်။ 

မေ ၁၄ သုံးသပ်ချက်

• ရန်ကုန်တွင် မြို့နယ်စုံ စုပေါင်းသပိတ်နှင့် မြို့နယ်အလိုက် သပိတ်များ ဆက်လက်ရှိနေဆဲဖြစ်ကာ မြို့နယ်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များလည်း ဖွဲ့စည်းလာပြီ ဖြစ်သည်။ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်လည်ပတ်လာကာ ဘဏ်များတွင်လည်း ငွေထုတ်ယူသူများဖြင့် ပြည့်နှက်နေပြီး စစ်အုပ်စုဘက်က ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီဟု တန်ပြန်သတင်ထုတ်လွှင့်ရန် ပြင်ဆင်လျက် ရှိသည်။ မြို့နယ်အလိုက် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးအချို့ကိုလည်း နယ်ပြောင်းရွှေ့ခြင်းများကိုလည်း စစ်အုပ်စုဘက်က ပြုလုပ်လာနေသည်။

• မန္တလေးတွင် သပိတ်ကြီးများအားကောင်းဆဲဖြစ်ကာ စစ်အုပ်စုလက်အောက်ခံ ရုံးအချို့လည်း ပြန်လည်ဖွင့်လှစ် လုပ်ကိုင်လာလျက်ရှိသည်။ စစ်အုပ်စုအား ပြန်လည်ခုခံသည့် ပေါက်ကွဲမှုများလည်း နေ့စဉ်လို ရှိနေဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း အရပ်ဝတ်လက်နက်ကိုင်များကို ပုံစံမျိုးစုံဖြင့် လူထုအတွင်း သွတ်သွင်းလျက် ရှိသည်။ 

• ချင်းပြည်နယ်၊ မင်းတပ်တွင် ဒေသခံများ စုဖွဲ့ထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/Chinland Defense Force တပ်ဖွဲ့များအ ကြား တိုက်ပွဲများ ပြင်းထန်နေကာ စစ်အုပ်စုဘက်က အထိနာလျက်ရှိသည့်အတွက် လက်နက်ကြီးအပြည့်ဖြင့် အင်အားတိုး တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။ ပစ်ခတ်မှုများအကြား နှစ်ဖက် သေဆုံး၊ ထိခိုက်မှုများ ရှိနေပြီး မြို့ပေါ်နေ ပြည်သူများအတွက် လုံခြုံရေးစိတ်ပူရလျက် ရှိသည်။ 

• နယ်မြို့ကြီးများတွင် စစ်ကျွန်ပညာရေး သပိတ်များ အားကောင်းလာသည့်အပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒထုတ်ဖော်မှုများမှာ နေ့ဘက်တွင်သာမက ညပိုင်းများတွင်ပါ အားကောင်းကောင်းဖြင့် ဆက်လက်ရှိနေဆဲဖြစ်သည်။ စစ်အုပ်စုဘက်က လက်နက်ဖြင့် ခုခံသည့်နေရာများမှအပ ကျန်နေရာများတွင် မြို့နယ်/ရပ်ကွက်/ကျေးရွာတွင်း သတင်းပေး များအကူအညီဖြင့် လိုက်လံဖမ်းဆီးမှုများကို ဆက်တိုက်လုပ်လာလျက် ရှိသည်။ 

• စစ်အုပ်စုဘက်တွင် အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးနှင့် လစ်လပ်သွားသည့် ဝန်ထမ်းများနေရာတွင် အစားထိုး ခန့် အပ်နိုင်ရေးအတွက် ပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် လက်နက်ဖြင့် ခုခံနေသည့် တိုင်းရင်းသားလက်နက်ကိုင်ဒေသများနှင့် အချို့မြို့ကြီးများတွင် အင်အားသုံးတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေဦး မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required