ဆီပိုက်လိုင်း ဆိုင်ဘာတိုက်ခိုက်ခံရမှု အရေး ပူတင်နဲ့ ပြောဆိုမယ်လို့ ဂျိုးဘိုင်ဒင် ပြော 

ဆီပိုက်လိုင်း ဆိုင်ဘာတိုက်ခိုက်ခံရမှု အရေး ပူတင်နဲ့ ပြောဆိုမယ်လို့ ဂျိုးဘိုင်ဒင် ပြော 
Photo - AFP

မေ ၁၄

အမေရိကန်က လောင်စာဆီပိုက်လိုင်းကို ရုရှအခြေစိုက်တဲ့ ရာဇဝတ်မှုမြောက် ဆိုက်ဘာတိုက်ခိုက်မှုမှာ သမ္မတ ဗလာဒီမာပူတင် ပတ်သက်တာ မရှိပေမယ့် မျှော်လင့်ထားတဲ့ ထိပ်သီးတွေ့ဆုံမှုအတွင်း အဲဒီ အရေးကိစ္စကိုပါ ပူတင်နဲ့ ပြောဆိုသွားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့မှာ ပြောပါတယ်။ 

အမေရိကန် အရှေ့တောင်ပိုင်း နယ်မြေအများစုဆီ ဓာတ်ဆီ ပေးပို့နေတဲ့ Colonial ပိုက်လိုင်းကို ပစ်မှတ်ထား ဆိုင်ဘာတိုက်ခိုက်မှုဟာ ရုရှအခြေစိုက် ရာဇဝတ်အုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ယူဆထားတာပါ။ 

ပူတင် ဒါမှမဟုတ် ရုရှအစိုးရဟာ ဒီတိုက်ခိုက်မှုကို သိထားလားဆိုပြီး မေးတဲ့အခါ ဂျိုးဘိုင်ဒင်က ခေတ္တဆိုင်းငံ့ပြီးမှ “FBI ရဲ့ အစီရင်ခံစာက မှန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ရုရှလက်ချက်တော့ မဟုတ်ဘူး၊ ပူတင်နဲ့ အစိုးရလည်း မပါဘူးလို့ FBI က ပြောထားပါတယ်”ဆိုပြီး ပြန်လည်ဖြေဆိုပါတယ်။ 

“ဒီ တိုက်ခိုက်မှုမှာ ရုရှအစိုးရ ပါဝင်နေတယ်လို့ ကျွန်တော်တို့ မယူဆဘူးဆိုတာ ကျွန်တော် အလေးအနက် ပြောပါတယ်၊ ဒါပေမယ့် ဒီ တိုက်ခိုက်မှုကို လုပ်ဆောင်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ရုရှမှာ နေထိုင်နေကြသူတွေ ဖြစ်တယ်လို့ ယူဆစရာ ခိုင်မာတဲ့ အကြောင်းရင်း ကျွန်တော်တို့မှာ ရှိထားပါတယ်”လို့ သူက ဆိုပါတယ်။ 

သူ့ အစိုးရအနေနဲ့ ရုရှနဲ့ တိုက်ရိုက်ဆက်သွယ်ရေး ရှိထားပြီး ခုလို ရာဇဝတ်အုပ်စုတွေကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ဖို့ လိုအပ်တာဟာ နိုင်ငံတကာ စံနှုန်းတွေအရလည်း ဖြစ်တယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

“သမ္မတ ပူတင်နဲ့ ကျွန်တော် ပြောဆိုဆွေးနွေးမယ့် အကြောင်းအရာတွေမှာ အခု ပိုက်လိုင်းအရေးလည်း ပါပါမယ်”လို့ သူက ဆိုပါတယ်။ 

ဂျိုးဘိုင်ဒင်အနေနဲ့ သူ သမ္မတဖြစ်ပြီး ပထမဆုံး ပူတင်နဲ့ တွေ့ဆုံမှုအဖြစ် ဇွန်လ ဥရောပခရီးစဉ်ကာလအတွင်းမှာ တွေ့ဆုံဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required