ဆန္ဒပြပွဲ အင်အားသုံးဖြိုခွဲမှုအပေါ် ပြစ်တင်ရှုတ်ချမှုများ ရှိနေချိန် ကိုလံဘီယာ နိုင်ငံခြားရေး၀န်ကြီး ရာထူးမှနုတ်ထွက်

ဆန္ဒပြပွဲ အင်အားသုံးဖြိုခွဲမှုအပေါ် ပြစ်တင်ရှုတ်ချမှုများ ရှိနေချိန် ကိုလံဘီယာ နိုင်ငံခြားရေး၀န်ကြီး ရာထူးမှနုတ်ထွက်
Photo - AFP

မေ ၁၄

ကိုလံဘီယာနိုင်ငံမှာ ဧပြီ ၂၈ ရက်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေက အရပ်သားတွေအပေါ် အင်အားအလွန်အကျွံသုံး နှိမ်နင်းမှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချလျက် ရှိစဉ် ကိုလံဘီယာနိုင်ငံခြားရေး၀န်ကြီး ရာထူးမှ နုတ်ထွက်လိုက်ကြောင်း သိရပါတယ်။

နိုင်ငံခြားရေး၀န်ကြီး ကလော်ဒီယာ ဘလမ်းဟာ မေလ ၁၁ ရက်မှာ သူမရဲ့ ရာထူးကနေ နုတ်ထွက်ကြောင်း စာတစ်စောင်ကို သမ္မတ အိုင်ဗန် ဒူကွေးထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူမ ဘာကြောင့် နုတ်ထွက်ရသလဲ ဆိုတာရဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ ထုတ်ဖော်ခြင်း မရှိပါဘူး။

ဒါ‌ပေမယ့်လည်း ဆန္ဒပြပွဲတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုတွေက ဝိုင်း၀န်းပြစ်တင်ထားခဲ့တဲ့အတွက် ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှု ဖြစ်နေတာကြောင့် ဘလမ်းအနေနဲ့ မလွဲမရှောင်သာ နုတ်ထွက်လိုက်ရတာ ဖြစ်တယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေနဲ့ အတိုက်အခံပါတီတွေက ပြောပါတယ်။

ယင်းနိုင်ငံမှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက်တွေ့မှုတွေအတွင်း အနည်းဆုံး လူ ၄၂ ဦး သေဆုံးထားခဲ့ပြီး အဆိုပါ သေဆုံးသူတွေအနက် တစ်ဦးသာ ရဲ၀န်ထမ်းဖြစ်ပြီး ကျန်သေဆုံးသူတွေဟာ အရပ်သားတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၁,၅၀၀ ကျော် ရှိတယ်လို့လည်း တရား၀င် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒါ့ပေမယ့် တကယ့်လက်တွေ့ကိန်းဂဏန်းတွေဟာ ယင်းထက် ပိုမိုများပြားတယ်လို့ NGOs တွေက ပြောပါတယ်။

ဘလမ်းကတော့ သမ္မတ ဒူကွေးအစိုးရအဖွဲ့ကနေ ဒုတိယမြောက် နုတ်ထွက်တဲ့ ၀န်ကြီး ဖြစ်လာခဲ့ပါတယ်။

သူမ မတိုင်ခင်က လက်ရှိ ဆန္ဒပြပွဲတွေကို အစပျိုးစေခဲ့တဲ့ အခွန်ပြုပြင်ပြောင်းလဲရေး မူကြမ်းကို ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေး၀န်ကြီး အယ်လ်ဘာတို ကာရက်စ်ကွီလာဟာလည်း မေလ ၃ ရက်မှာ နုတ်ထွက်ထားခဲ့ပါတယ်။

နိုင်ငံမှာ အခွန်ပြုပြင်ပြောင်းလဲမှု ဥပဒေမူကြမ်းကို လက်ရှိမှာ ပြန်ရုပ်သိမ်းထားပြီးဖြစ်ပေမယ့် ဆန္ဒပြမှုတွေ ဆက်ရှိနေခဲ့ပြီး ယင်းတို့ဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲဖြစ်ပေါ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly