အကျဉ်းထောင်တွေထဲ အစုအဝေးပုံစံကူးစက်မှုတွေနဲ့အတူ ထိုင်းမှာ နေ့အလိုက် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်

အကျဉ်းထောင်တွေထဲ အစုအဝေးပုံစံကူးစက်မှုတွေနဲ့အတူ ထိုင်းမှာ နေ့အလိုက် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်
Photo - AFP

မေ ၁၄

ထိုင်းနိုင်ငံမှာ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင် မြင့်တက်ခဲ့တယ်လို့ မေလ ၁၃ ရက်က ထုတ်ပြန်ခဲ့ပြီး အဲဒီ စံချိန်တင်ကူးစက်မှုတွေအနက် တစ်၀က်ကျော်လောက်ဟာ ဘန်ကောက် အကျဉ်းထောင်နှစ်ခုထဲမှာ စစ်ဆေးတွေ့ရှိတဲ့ အစုအဝေးပုံစံ ကူးစက်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တတိယလှိုင်းတစ်ခုကို ရင်ဆိုင်နေရပြီး အစိုးရကလည်း နိုင်ငံမှာ သွားလာလှုပ်ရှားမှုတွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်တာ၊ နှာခေါင်းစည်းတပ်ဆင်မှု စည်းမျဉ်းတွေ ချတာနဲ့ အများပြည်သူနေရာတွေကို ပိတ်တာတို့ကို လုပ်ဆောင်ထားခဲ့ရပါတယ်။

ယင်းနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုရဲ့ ရှေ့တန်းနေရာကနေ ပါ၀င်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦး ဘန်ကောက်အကျဉ်းထောင်တစ်ခုကနေ အာမခံနဲ့ လွတ်လာခဲ့ပြီးနောက် ငါးရက်အကြာမှာ သူမမှာ ကိုဗစ်-၁၉ ‌ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုတာကို စစ်ဆေးသိရှိရတယ်လို့ ကြေညာခဲ့ပြီးနောက် ယခုအပတ်ထဲမှာ ဘေးအန္တရာယ်ဆိုင်ရာ တပ်လှန့်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၄,၈၀၀ ကျော် တွေ့ရှိရတယ်လို့ မေလ ၁၃ ရက်မှာ ကြေညာခဲ့ရာမှာ ယင်းဟာ တစ်နေ့တည်းအတွင်း အမြင့်ဆုံးကူးစက်မှုအတိုင်းအတာ ဖြစ်ခဲ့ပါတယ်။ ယင်းကူးစက်ခံရသူတွေအနက် ၂,၈၀၀ ကျော်ဟာ မြို့တော်မှာ ရှိတဲ့ အကျဉ်းထောင်နှစ်ခုထဲမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲ့ ကိုဗစ်-၁၉ အထူးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ဘန်ကောက်အကျဉ်းထောင်တစ်ခုထဲမှာ ထိန်းသိမ်းခံထားရတဲ့  အခြားသော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ပါနူပေါင် မိုက်ခ် ဂျနော့ခ်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းနဲ့ ၎င်းကို ထောင်‌ဆေးရုံကို ပို့ထားကြောင်း အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးဖြစ်တဲ့ဝီရာကစ် ဟန်ပါရီဖန်က အတည်ပြုပါတယ်။

ဘန်ကောက် အကျဉ်းထောင်နှစ်ခုမှာတော့ ယင်းရဲ့ အကျဥ်းသားတွေကို ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးမှုတွေကို ၁၀၀ ရာခိုင်နှုန်း လုပ်ထားကြောင်း ၀ီရာကစ်က ပြောခဲ့ပေမယ့် စစ်ဆေးမှုကာလ ဘယ်အချိန်က စတင်ခဲ့သလဲ ဆိုတာကို ၎င်းက အသေးစိတ် မပြောခဲ့ပါဘူး။

ထိုင်းနိုင်ငံမှာတော့ ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူစုစုပေါင်း ၉၃,၀၀၀ ကျော် နဲ့ သေဆုံးသူ ၅၀၀ ကျော် ရှိနေတယ်လို့  သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required