လုံခြုံရေး စိုးရိမ်မှုများကြောင့် တရုတ်ထုတ်ဒရုန်းများကို ဂျပန်ကုမ္ပဏီများ အသုံးပြုတော့မည်မဟုတ်

By Just Earth
13 May 2021
လုံခြုံရေး စိုးရိမ်မှုများကြောင့် တရုတ်ထုတ်ဒရုန်းများကို ဂျပန်ကုမ္ပဏီများ အသုံးပြုတော့မည်မဟုတ်

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဂျပန်နိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ကုမ္ပဏီတစ်ချို့သည် တရုတ်ထုတ် ဒရုန်းယာဉ်များ အသုံးပြုမှုကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း မီဒီယာသတင်း ဖော်ပြချက်များအရ သိရသည်။

တရုတ်ကုမ္ပဏီများ ထုတ်လုပ်ထားသည့် ဒရုန်းများသည် သတိထားဆင်ခြင်ရသည့် အရေးကြီး ဒေတာအချက်အလက်များကို ယင်းတို့၏ ထုတ်လုပ်သူများထံ ပေးပို့မည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ ထို့ပြင် အမေရိကန်ကလည်း အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ယမန်နှစ်က တရုတ် ဒရုန်းထုတ်ကုမ္ပဏီ DJI ကို အမည်ပျက်စာရင်း သွင်းခဲ့သည်။

ဂျပန်နိုင်ငံတွင် တရုတ်ဒရုန်းများကို အသုံးပြုသူများသည် အခြား ရွေးချယ်စရာများကို စတင်ရှာဖွေလျက် ရှိသော်လည်း တရုတ်ဒရုန်းများကို ယှဥ်နိုင်သည့် စွမ်း‌ဆောင်ရည်များရှိမည့်၊ ကုန်ကျမှုနည်းပြီး ထိရောက်သော ပြည်တွင်းဖြစ် ရွေးချယ်စရာပစ္စည်းများ မရှိခြင်းက ၎င်းတို့၏ ကြိုးပမ်းမှုများကို ကမောက်ကမဖြစ်စေနိုင်သည်ဟု Nikkei Asia က ဖော်ပြသည်။

တယ်လီကွန်မြူနစ်ကေးရှင်းကုမ္ပဏီ Nippon Telegraph and Telephone ၏ လုပ်ငန်းခွဲများသည် လက်ရှိအချိန်တွင် တံတားများပေါ်ရှိ တယ်လီကွန်မြူနစ်ကေးရှင်း ကေဘယ်လ်များကို စစ်ဆေးရန် ဒရုန်းများကို အသုံးပြုလုပ်ဆောင်နေပြီး ဒရုန်းတစ်ချို့သည် တရုတ်လုပ် ဒရုန်းများ ဖြစ်သည်။ ယင်းဒရုန်းများကို ဂျပန်နှင့် အခြားနေရာများတွင် ထုတ်လုပ်သည့် ဒရုန်းများဖြင့် လဲလှယ်သွားမည်ဖြစ်ပြီး ယင်းနောက် ယင်းတို့ကို အစားထိုးသွားရန် ရှိကြောင်း Nikkei Asia က ဖော်ပြသည်။

ယင်းအုပ်စုသည် ယခုအခါ ယင်းတို့၏ ကိုယ်ပိုင်ဒရုန်းများကို စတင်ထုတ်လုပ်နေကြောင်းလည်း သတင်းများအရ သိရသည်။

Kyushu Electric Power ကုမ္ပဏီသည် မြေပြင်၏ အထက်အမြင့်ပိုင်းနေရာများရှိ တပ်ဆင်ပစ္စည်းများကို စစ်ဆေးရန် DJI အပြင် ဂျပန်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများက ထုတ်လုပ်ထားသည့် ဒရုန်းများကို အသုံးပြုကြောင်း Nikkei Asia က ဖော်ပြသည်။

“လုံခြုံရေး အန္တရာယ်ကြောင့် အပါအ၀င် ကျွန်တော်တို့ဟာ ဒါနဲ့ပတ်သက်လို့ သင့်တော်သလို တုံ့ပြန်လုပ်ဆောင်သွားဖို့ ချိန်ဆစဉ်းစားနေပါတယ်” ဟု ကုမ္ပဏီက သတင်းစာကို ပြောသည်။ ထို့ပြင် DJI ဒရုန်းများ၏ နေရာတွင် ဂျပန်လုပ် ဒရုန်းများဖြင့် အစားထိုးရန်လည်း စဥ်းစားသွားမည်ဟု သိရသည်။

ဂျပန် ဒရုန်းထုတ်လုပ်ငန်းများသည်လည်း ပြည်တွင်းဖြစ် ထုတ်ကုန်များအတွက် ၀ယ်လိုအား မြင့်တက်နေမှုကို ဖြည့်ဆည်းနိုင်ရန် ဖွံ့ဖြိုးရေးဆိုင်ရာ အားထုတ်မှုများကို အရှိန်မြှင့်တင်လုပ်ဆောင်နေသည်။

တိုကျို စတော့အိတ်စ်ချိန်း၏ startup (ထူထောင်စလုပ်ငန်း) ဗဟိုပြု Mothers စျေးကွက်တွင် စာရင်းသွင်းထားသည့် Autonomous Control Systems Laboratory (ACSL) ကုမ္ပဏီသည် Yamaha Motor နှင့် အခြားလုပ်ငန်းများနှင့် ပူးပေါင်းပြီး ဒရုန်းတစ်မျိုးကို ထုတ်လုပ်နေကာ ယင်းကို အောက်တိုဘာလတွင် အစောဆုံး ရောင်းချသွားရန် စီစဥ်ထားသည်။ ယင်းဒရုန်း၏ ပျံသန်းမှု ဒေတာနှင့် ရိုက်ယူသည့် ရုပ်ပုံမှန်သမျှကို အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း Nikkei Asia က ဖော်ပြသည်။

အဓိကကျတဲ့ လျှပ်စစ်နဲ့ ဓာတ်ငွေ့ကုမ္ပဏီတွေကလည်း ကျွန်တော်တို့ဆီ ချဉ်းကပ်စုံစမ်းထားခဲ့ကြပါတယ်၊ သူတို့ဟာ စစ်ဆေးမှုတွေနဲ့ အခြား အသုံးပြုမှုတွေအတွက် ပြည်တွင်းမှာပဲ ထုတ်တဲ့ ဒရုန်းတွေကို ပြောင်းသုံးချင်နေကြတယ်လို့ သူတို့က ပြောပါတယ်” ဟု ACSL ဥက္ကဋ္ဌ ဆာတိုရှီ ၀ါရှီယာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly