အကျပ်အတည်းကြားမှပင် စကျင်ဗုဒ္ဓဆင်းတုတော်ကြီး တည်ထားရေးကို စစ်အုပ်စု အားစိုက်လုပ်ဆောင်နေ 

အကျပ်အတည်းကြားမှပင် စကျင်ဗုဒ္ဓဆင်းတုတော်ကြီး တည်ထားရေးကို စစ်အုပ်စု အားစိုက်လုပ်ဆောင်နေ 

မေ ၁၂

မြန်မာနိုင်ငံ၏ စီးပွားရေး အားအင်ချည့်နဲ့နေသည့်ကြားမှပင် စစ်အာဏာသိမ်းအုပ်စုအနေဖြင့် နိုင်ငံ၏ ယုံကြည်ကိုးကွယ်မှု လူများစု၏ စိတ်နှလုံးနှင့် အကြိုက်ကို ဆွဲဆောင်ရရှိအောင် ကြိုပမ်းနေပုံရသည့် နေပြည်တော်ရှိ ဗုဒ္ဓဆင်းတုတော်ကြီးကို ဆက်လက်ထုဆစ်လျက် ရှိနေဆဲ ဖြစ်သည်။ 

အဆိုပါ ထိုင်တော်မူ ရုပ်ပွားတော်သည် လာမည့်နှစ် အပြီးသတ် ထုဆစ်ပြီးချိန်တွင် အကြမ်းဖျင်းအားဖြင့် အမြင့် ၁၉ မီတာရှိမည် ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စကျင်ဆင်းတုတော်ဖြစ်လာမည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။ နှိုင်းယှဉ်ရလျှင် ဂျပန်နိုင်ငံ Todaiji ဘုရားကျောင်းရှိ ကြေးဆင်းတုတော်သည် ၁၅ မီတာခန့်သာ အမြင့်ရှိသည်။ 

ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်အာဏာသိမ်းအုပ်စု အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ ဆင်းတုတော် အခမ်းအနားတစ်ရပ်သို့ တက်ရောက်ခဲ့သည်။ ၎င်းနှင့်အတူ အခြားသော စစ်ခေါင်းဆောင်များနှင့် စစ်အုပ်စု၏ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရာအဖွဲ့ဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များပါ တက်ရောက်ခဲ့သည်။ 

အဆိုပါ ဆင်းတုတော်သည် အမျိုးသား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဆုတောင်းဝတ်ပြုရာ နေရာဖြစ်မည်ဟု နိုင်ငံပိုင်မီဒီယာက ဆိုသည်။ ထို အခမ်းအနားအား အမွှမ်းတင် ဖော်ပြရာ၌ ဆင်းတုတော်မှာ အမျိုးသားရေး စီမံကိန်းတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုခဲ့သည်။ 

“၁၉၈၈ ခုနှစ်က စတင်အမြစ်တွယ်တဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ခေါင်းဆောင်တွေဟာ ဘုရားတွေ ပိုတည်ပြီး အထင်ကရ ဘုန်းတော်ကြီးတွေကို ဆည်းကပ်လှူဒါန်းမှုတွေ တိုးလုပ်ခဲ့ကြတယ်”ဟု မြန်မာရေးရာ ပညာရှင်ဖြစ်သည့် ကျိုတိုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ယိုရှီဟီရိုနာကာနီရှီက ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူများ၏ ထောက်ခံမှုကို ရရှိရန်အတွက် ၎င်း၏ ဘာသာရေး ယုံကြည်သက်ဝင်မှု နက်ရှိုင်းကြောင်းကို ဖော်ပြရန် ကြိုးပမ်းနေပုံရသည်ဟု နာကာနီရှီက ဆိုသည်။ 

မြန်မာနိုင်ငံ၏ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာများ ဖြစ်ကြသည်။ စစ်အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်၌ ထေရ်ကြီးဝါကြီး ဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ကာ ဆည်းကပ်ခဲ့သည်။ 

ထိုနောက်တွင် ပြည်သူများ ဖူးမျှော်နိုင်ရန် ဘုရားစေတီပုထိုးများအား ပြန်ဖွင့်မည်ဟု ၎င်းက ကြေညာပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း ချမှတ်ထားသည့် ကန့်သတ်စည်းမျဉ်းများကို ဖြေလျော့လာခဲ့သည်။ စစ်တပ်နှင့် စပ်နွယ်သည့် ရုပ်သံကလည်း စစ်သားများ ဘုရားစေတီများတွင် သန့်ရှင်းရေးပြုလုပ်နေကြပုံကို ထုတ်လွှင့်ပြသခဲ့သည်။ 

နေပြည်တော်တွင် ယခု ဗုဒ္ဓဆင်းတုတော်ကြီး ထုဆစ်သည့် စီမံကိန်းများမှာ အာဏာမသိမ်းခင်ကတည်းက ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် စွန့်ဦးလုပ်ငန်းရှင်တစ်ဦးက ဆင်းတုတော် ထုလုပ်ရန်အတွက် စကျင်ကျောက်တုံးကြီး လှူဒါန်းကြောင်းကို ကြေညာသည်။ ၂၀၁၇ ခုနှစ်တွင် မင်းအောင်လှိုင်က ကျောထောက်နောက်ခံပေးသူ ဖြစ်လာခဲ့ပြီး ဆင်းတုတော်ကြီး တည်ထားရေးအတွက် စတင်ပြင်ဆင်လာခဲ့ခြင်းပဲ ဖြစ်သည်။ 

ဆင်းတုတော်ကြီးကို တွင်းထွက်သတ္ထု ကြွယ်ဝရာ မြန်မာနိုင်ငံ၏ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်မိုင်းတစ်ခုမှ စကျင်ကျောက်တုံးများကို ထုဆစ်ကာ တွဲစပ်တည်ထားလျက်ရှိနေခြင်း ဖြစ်သည်။ 

ယခင် စစ်အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင်လည်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နေပြည်တော်တွင် ဥပ္ပတသန္တိစေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ ယခင် စစ်အစိုးရသည် ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ပြောင်းရွှေ့ခဲ့ရာ ဥပ္ပတသန္တိစေတီတော်အား ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်နှင့် ပုံစံတူ တည်ထားခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly