လောင်စာဆီပိုက်လိုင်း ဆိုင်ဘာတိုက်ခိုက်မှုက ရုရှအခြေစိုက် အုပ်စု လက်ချက်မကင်းဟု အမေရိကန် ပြော 

လောင်စာဆီပိုက်လိုင်း ဆိုင်ဘာတိုက်ခိုက်မှုက ရုရှအခြေစိုက် အုပ်စု လက်ချက်မကင်းဟု အမေရိကန် ပြော 
Photo - AFP

မေ ၁၁

အမေရိကန် အရှေ့ပိုင်းမှာ ရှိတဲ့ အကြီးဆုံး ရေနံပိုက်လိုင်း ပိတ်ခဲ့ရတဲ့ ဆိုင်ဘာတိုက်ခိုက်မှု နောက်ကွယ်မှာ ရုရှအခြေစိုက် အုပ်စုရှိနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္လာနေ့မှာ ပြောပါတယ်။ 

Colonial Pipeline ပိုက်လိုင်းကို ဟက်ကာတိုက်ခိုက်တာဟာ ပြီးခဲ့တဲ့ နှစ်က ထွက်ပေါ်လာခဲ့ဖူးတဲ့ နောက်ကွယ်က စစ်ဆင်တဲ့အဖွဲ့ DarkSide အဖွဲ့ပဲ ဖြစ်တယ်လို့ FBI ကလည်း အတည်ပြုချက် ချပါတယ်။  

တိုက်ခိုက်မှုဟာ ပိုက်လိုင်းရဲ့ ပေါင်းစည်းကွန်ပျူတာစနစ်ကို ပိတ်ချဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွက်ကြောင့် လောင်စာကုမ္ပဏီတွေဟာ ပိုက်လိုင်းကို ပိတ်ခဲ့ကြရပါတယ်။ 

“အခုထိတော့ ရုရှ ပတ်သက်ပါဝင်နေတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး သက်သေမရှိသေးဘူးပေါ့၊ ဒါပေမယ့် ရှိထားတဲ့ သက်သေတွေအရတော့ တိုက်ခိုက်မှုဟာ ရုရှက လာတာကို ပြသနေတယ်”လို့ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောပါတယ်။ 

ပိုက်လိုင်းလည်ပတ်မှုတွေ ရပ်တန့်ခဲ့ရပြီး သုံးရက်အကြာမှာ Colonial က ပိုက်လိုင်းရဲ့ ၅၅၀၀ မိုင်ကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ပြီ ဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ အဲဒီ လောင်စာပိုက်လိုင်းဟာ တက္ကဆက်နဲ့ နယူးယောက်ကြား အကြီးဆုံး လောင်စာကွန်ရက်လည်း ဖြစ်ပါတယ်။ 

အမေရိကန် အရှေ့ပိုင်း တစ်နံတစ်လျားဆီ ဓာတ်ဆီ၊ ဒီဇယ်နဲ့ လေယာဉ်ဆီ ထောက်ပံ့မှု ရပ်တန့်သွားအောင် ခြိမ်းခြောက်မှုဖြစ်တဲ့ အခု တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သမ္မတ ဂျိုးဘိုင်ဒင်က အာရုံစိုက်ထားကြောင်း အိမ်ဖြူတော်မှာ လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး အယ်လိဇဘတ်ရှားဝုဒ်ရန်ဒဲလ်က ပြောပါတယ်။ 

“မိမိတို့ ပိုက်လိုင်းရဲ့ အပိုင်းနေရာတွေကို အွန်လိုင်းကနေ ပြန်လည်လည်ပတ်လုပ်ဆောင်နိုင်ပါပြီ”ဆိုပြီး Colonial ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ 

“Colonial က ထိခိုက်ပျက်စီးမှု မရှိဘဲ မြန်မြန်ဆန်ဆန်ပဲ ပြန်လည်လည်ပတ်နိုင်တယ်လို့ ပြောထားပါတယ်၊ ခုထိတော့ လောင်စာ ပြတ်တောက်မှု ဖြစ်တာမျိုးလည်း မရှိပါဘူး”လို့ ရှားဝုဒ်ရန်ဒဲလ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required