မြန်မာအား လက်နက်ရောင်းချမှု ပိတ်ပင်ရန် နိုင်ငံများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တိုက်တွန်း 

မြန်မာအား လက်နက်ရောင်းချမှု ပိတ်ပင်ရန် နိုင်ငံများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တိုက်တွန်း 
Photo - AFP

မေ ၈ 

မြန်မာစစ်ကောင်စီအား လက်နက်ရောင်းချမှု ပိတ်ပင်ရန် လူမှုအဖွဲ့အစည်းများစွာက တောင်းဆိုချက်ကို မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက မေ ၇ ရက်မှာ ထောက်ခံကြိုဆိုလိုက်သည်။ 

နိုင်ငံများအနေဖြင့်လည်း ကိုယ်ပိုင် အရေးယူမှုများကို ချက်ချင်း ချမှတ်ရန် ၎င်းက တွန်းအားပေး တိုက်တွန်းသည်။ 

“မြန်မာ စစ်အာဏာသိမ်းအုပ်စုလက်ထဲ လက်နက်နဲ့ နှစ်မျိုးသုံးလက်နက် နည်းပညာတွေ ရောက်ရှိမှာကို ရပ်တန့်ခြင်းဟာ တိုက်ရိုက်အားဖြင့် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း အရေးကိစ္စဖြစ်နေတယ်၊ အသက်ခန္ဓာတွေ အဆုံးရှုံး မခံရသင့်ဘူး”ဟု အင်ဒရူးက ဆိုသည်။ 

“မြန်မာကို လက်နက်ရောင်းချခွင့် ပိတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အာရုံစိုက်လာအောင် လုပ်ဆော်ခဲ့ကြတဲ့ အဖွဲ့အစည်း ၂၀၀ ကျော်ထက်မနည်းရဲ့ ကြိုးပမ်းမှုကို ကျွန်တော် ချီးကျူးဂုဏ်ပြုတယ်၊ ကိုယ့်ပြည်သူကို အစုပြုံလိုက် သတ်ဖြတ်နေသူတွေ လက်ထဲ သေစေတဲ့ လက်နက်တွေ မရောက်ရှိအောင် တားဆီးတဲ့ လုပ်ရပ်ဟာ အခု လိုအပ်နေပြီ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်လာအောင် တွန်းအားပေးနေတဲ့ တစ်ပြိုင်တည်းမှာပဲ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုဆီ လက်နက်တွေ မရောက်စေရေးကို ထောက်ခံတဲ့ အစိုးရတွေအနေနဲ့ မြန်မာအပေါ် ကိုယ်ပိုင် လက်နက်ရောင်းချမှု ပိတ်ပင်ချက်ကို ချက်ချင်းချမှတ်ဖော်ဆောင်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်”ဟု အထူးကိုယ်စားလှယ် အင်ဒရူးက ပြောသည်။ 

“နှစ်ဦးနှစ်ဖက် လက်နက်ရောင်းချမှု ပိတ်ပင်မှုတွေမှာ ထောက်လှမ်းရေးပစ္စည်းတွေ အပါအဝင် လက်နက်နဲ့ နှစ်မျိုးသုံး လက်နက်နည်းပညာတွေလည်း အကျုံးဝင်ပါရှိသင့်တယ်၊ ဒါဟာဆိုရင် အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်နေသူတွေ လက်ထဲ လက်နက်ကို တိုက်ရိုက်ဖယ်ရှားပစ်ဖို့ အရေးကြီးတဲ့ စတင်မှုတစ်ရပ်ပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် မြန်မာအား လက်နက်ရောင်းချခွင့် ပိတ်ပင်ထားသည့် နိုင်ငံစာရင်းကို အသစ်ပြုစုနေကြောင်း အင်ဒရူးက ပြောသည်။ ၎င်း၏ လူ့အခွင့်အရေးကောင်စီထံ မတ်လက အစီရင်ခံစာ၌ မြန်မာအား လက်နက်ရောင်းချခွင့် ပိတ်ပင်ထားပြီးသည့် နိုင်ငံများစာရင်းကို ဖော်ပြထားသည်။ 

“မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချမှု မပိတ်ပင်ရသေးတဲ့ နိုင်ငံတွေအနေနဲ့လည်း ကိုယ့်ပြည်သူတွေကို နေ့စဉ်နဲ့အမျှ မြန်မာစစ်တပ်ရဲ့ ဆက်လက်ဒုက္ခပေးနေတာကို ထိတ်လန့်တုန်လှုပ်မှု ဖြစ်လာပြီး ပိတ်ပင်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်၊ လာမယ့်လမှာ ဒီ စာရင်းသစ်ကို ထုတ်ပြန်နိုင်ဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်”ဟု သူက ဆိုသည်။ 

“ထပ်ပြီးတော့ ပြောလိုတာက လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့လည်း အစိုးရတွေကို မြန်မာကို လက်နက်ရောင်းချမှု ကိုယ်ပိုင်ပိတ်ပင်ချက်ကို ဖော်ဆောင်ဖို့ တစ်ပြိုင်တည်း တိုက်တွန်းတောင်းဆိုကြဖို့ကို ကျွန်တော် တောင်းဆိုခြင်းပါ”ဟု အင်ဒရူးက ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly