ဗုံးခွဲတိုက်ခိုက်ခံရသော်လည်း မော်လ်ဒိုက်သမ္မတဟောင်း အသက်ဘေးမှ လွတ်မြောက်

ဗုံးခွဲတိုက်ခိုက်ခံရသော်လည်း မော်လ်ဒိုက်သမ္မတဟောင်း အသက်ဘေးမှ လွတ်မြောက်
Photo - AFP

မေ ၇

မော်လ်ဒိုက်နိုင်ငံတွင် မေလ ၆ ရက်က ဗုံးပေါက်ကွဲမှုတစ်ခုအတွင်း သမ္မတဟောင်းတစ်ဦးဖြစ်သလို လက်ရှိပါလီမန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် နက်ရှီးဒ် အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း တာ၀န်ရှိသူများက ပြောသည်။

ထို ဗုံးပေါက်ကွဲမှုသည် သမ္မတဟောင်း နက်ရှီးဒ်ကို လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်း မော်လ်ဒိုက် အစိုးရ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“နက်ရှီးဒ်ဟာ လုပ်ကြံဖို့ ကြိုးပမ်းခံရမှုတစ်ခုကနေ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်၊ သူ ဒဏ်ရာတွေတော့ ရခဲ့ပါတယ်၊ ဒါပေမယ့် သူ့အခြေအနေက တည်ငြိမ်ကောင်းမွန်ပါတယ်” ဟု အဆိုပါ အစိုးရတာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဒီမိုကရေစီနည်းကျ ပထမဆုံးရွေးကောက်တင်မြှောက်ခံရသည့် သမ္မတတစ်ဦးဖြစ်ခဲ့သည့် အသက် ၅၃ နှစ်ရှိ နက်ရှီးဒ်သည် လူစည်ကားသော မြို့တော်တွင် ၎င်း၏ ကားပေါ် တက်တော့မည့်ဆဲဆဲ မော်တော်ဆိုင်ကယ်တစ်စီးတွင် တပ်ဆင်ထားသည့် ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဗုံးခွဲတိုက်ခိုက်မှုဖြစ်သည့် ဧရိယာကို လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့၀င်များက ပိတ်ဆို့စစ်ဆေးခဲ့ကြသည်။

ဆွန်နီ မွတ်ဆလင် ၃၃၀,၀၀၀ ခန့် ရှိ အိန္ဒိယ သမုဒ္ဒရာ ကျွန်းနိုင်ငံလေးသည် ယင်း၏ ဇိမ်ခံအားလပ်ရက် အပန်းဖြေစခန်းများအတွက် လူသိများသလို ပုံမှန်လိုလို ဖြစ်နေခဲ့သည့် နိုင်ငံရေး ၀ရုန်းသုန်းကား အခြေအနေများအတွက်လည်း လူသိများသည်။

ယခု ဗုံးကွဲမှုဖြစ်စဉ်တွင် နက်ရှီးဒ် ဒဏ်ရာရခဲ့ကြောင်းနှင့် ၎င်းအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့ကလည်း အတည်ပြုသည်။ သို့သော် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required