ဝီဂါ ကဗျာဆရာ ဖမ်းဆီးခံထားရသည့် နေရာနှင့် အခြေအနေကို ၃ နှစ်ကြာသည်အထိ မသိရသေး

ဝီဂါ ကဗျာဆရာ ဖမ်းဆီးခံထားရသည့် နေရာနှင့် အခြေအနေကို ၃ နှစ်ကြာသည်အထိ မသိရသေး

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Xinjiang Normal University ၏ ပါမောက္ခတစ်ဦးဖြစ်ပြီး နာမည်ကျော်စာရေးဆရာနှင့် ကဗျာဆရာလည်းဖြစ်သူ အဒူကာဒါဂျာလာလီဒင်သည် ၂၀၁၈ ခုနှစ်၊ ဧပြီလနှောင်းပိုင်းက ယင်းဒေသတွင် ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ ၃ နှစ်ကြာမြင့်ပြီဖြစ်သော်လည်း ၎င်းအား ဖမ်းဆီးထားသည့်နေရာနှင့် အခြေအနေကို မသိရှိရသေးကြောင်း အမေရိကန်တွင် အခြေချနေထိုင်သည့် သူ၏ သားဖြစ်သူက ပြောကြားသည်။

အူရမ်ကီမြို့တော်တွင် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခံခဲ့ရသည့် ဂျာလာလီဒင်၏ စာများသည် ဝီဂါပြည်သူများအကြားတွင် လူသိများသလို ဂျော့အိုဝဲလ်၏ အထင်ကရဝတ္ထု Animal Farm အား ဝီဂါဘာသာ သို့ ပြန်ဆိုမှုသည်လည်း ထင်ရှားခဲ့သည်။ သူသည် ကျောင်းသားအများအပြားကို ဘွဲ့ရအောင်သင်ကြားပေးခဲ့သလို မျိုးဆက်သစ် သုတေသနပညာရှင်များကိုလည်း လေ့ကျင့်ပေးခဲ့သည်။

သူ၏ သားဖြစ်သူ ဘာဘူက ၎င်းနှင့် ဂျပန်တွင် နေထိုင်သည့် သူ၏ အစ်မဖြစ်သူ ဘူဘယ်နက်ဇ်တို့သည် သူ့တို့ဖခင် လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းခဲ့သော်လည်း စတင်ဖမ်းဆီးခံရသည်ကို သိရှိချိန်မှစ၍ သတင်း ရေရေရာရာမရခဲ့ကြောင်း အာရ်အက်ဖ်အေ သတင်းဌာနသို့ ပြောကြားသည်။

“အဖေကို ကျွန်တော်တို့အိမ်ကနေ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီနဲ့ ၈ နာရီကြားလောက်မှာဖမ်းခေါ် သွားကြတာပါ” ဟု၎င်းက ပြောသည်။

“သူ့ရဲ့ ကျန်းမာရေး၊ သူဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော်တို့ ဘာသတင်းမှ မရသေးပါဘူး။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာ မသိရသလို၊ ပြစ်ဒဏ်ဘယ်လောက် ချသလဲဆိုတာလဲ မသိရပါဘူး”

ဂျာလာလီဒင်အား မဖမ်းဆီးမီ တစ်ရက်က ရဲများက ၎င်းတို့အိမ်ကို ဝင်ရောက်ကာ ဝီဂါဘာသာနှင့်ဆိုင်သည့်အရာများ၊ ကွန်ပြူတာများ၊ တက်ဘလက်များနှင် ဖုန်းများကို သိမ်းဆည်းသွားခဲ့ကြောင်းလည်း ဘာဘူက ပြောသည်။

“အဖေဟာ ဘယ်တုန်းကမှ ဥပဒေ မချိုးဖောက်ပါဘူး။ သူရေးတဲ့စာအားလုံးကို အစိုးရ ပုံနှိပ်ဖြန့်ချိရေးဌာနတွေကပဲ ထုတ်တာပါ။ ထုတ်ဝေဖြန့်ဖြူးတာမလုပ်ခင် အစိုးရ အယ်ဒီတာတွေက တည်းဖြတ်ပါတယ်။ ဥပဒေကို မချိုးဖောက်ဖို့နဲ့ လူကောင်းတွေဖြစ်ဖို့ အမြဲတမ်းသွန်သင်ဆုံးမပါတယ်။ ကျွန်တော့်အဖေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု လည်း ဘာဘူက ပြောသည်။

တရုတ်နိုင်ငံပိုင် မီဒီယာ CGTN က “The War in the Shadows: Challenges of Fighting Terrorism in Xinjiang,” (အရိပ်များအတွင်းမှ စစ်ပွဲ-- ရှင်ကျန်းဒေသ အကြမ်းဖက်နှိမ်နှင်းရေးတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ) အမည်ရှိ မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။ ၂၀၀၃ ခုနှစ်က ဝီဂါ စာပေ ပုံနှိပ်စာအုပ်တစ်အုပ်ကို စုဆောင်း ပြုစုရာတွင် ဦးဆောင်ခဲ့သူ ယယ်ကွန်ရိုဇီကဲ့သို့သော ပညာရှင်များနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို တင်ဆက်ခဲ့သည်။

အဆိုပါ ဗီဒီယိုတွင် ဂျာလာလီဒင်ပါဝင်ကြောင်း မဖော်ပြခဲ့သော်လည်း ၎င်းသည် အဆိုပါ ပုံနှိပ်စာအုပ် ပြုစုရေး၊ ဝီဂါအလယ်တန်းကျောင်းသားများအတွက် ဘာသာစကားနှင့် စာပေပုံနှိပ်စာအုပ်များ ပြုစုရေးတို့တွင် ပါဝင်ခဲ့သည်။

ဝီဂါနှင့် အခြားမွတ်ဆလင် လူနည်းစုအရေအတွက် ၁ ဒသမ ၈ သန်းခန့်ကို ၂၀၁၇ ခုနှစ် အစောပိုင်းမှ စတင်၍ အကျဉ်းထောင်များတွင် ဥပဒေမဲ့ ဖမ်းဆီးထားကြောင်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်များက ယုံကြည်ထားသည်။

ယင်းအကျဉ်းစခန်းများမရှိကြောင်း တရုတ်အစိုးရက ငြင်းဆိုခဲ့သော်လည်း ယင်းစခန်းများသည် ဝီဂါများကို အသက်မွေးဝမ်းကြောင်းပညာများ သင်ပေးရန်၊ လူမျိုးစွဲ မထားရန်နှင့် တိုင်းပြည်အား အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်ရန် တည်ဆောက်ထားကြောင်း ၂၀၁၉ ခုနှစ်တွင် ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly