အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှု အီးယူ သက်တမ်းတိုး

အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှု အီးယူ သက်တမ်းတိုး
Photo - AFP

ဧပြီ ၃၀

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် စစ်အုပ်စု၏ အကြီးတန်းအရာရှိများနှင့် ဖေဖေါ်၀ါရီ စစ်အာဏာသိမ်းမှုတွင် ပါ၀င်ပတ်သက်ခဲ့သူများအပေါ် အရေးယူပိတ်ဆို့မှုကို ဥရောပသမဂ္ဂက တစ်နှစ် သက်တမ်းတိုးလိုက်ကြောင်း သိရသည်။

ပိုင်ဆိုင်မှု ထိန်းချုပ်ပိတ်ပင်ခြင်း၊ ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လက်နက် ကုန်သွယ်မှု ပိတ်ပင်ခြင်းနှင့် စစ်တပ်နှင့် ရဲ၏ ဖိနှိပ်မှုများတွင် အသုံးပြုနိုင်သည့် ပစ္စည်းများ တင်ပို့မှုအပေါ် ပိတ်ပင်ကန့်သတ်မှုများ ပါ၀င်သည့် အရေးယူပိတ်ဆို့မှုများသည် ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း အီးယူဌာနချုပ်က ဧပြီ ၂၉ ရက် ထုတ်ပြန်ချက်တစ်စောင်တွင် ထုတ်ပြန်ခဲ့သည်။

“အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်ရဲ့ ရာထူးကြီး အရာရှိတွေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်ကောင်စီရဲ့ အရပ်သားအဖွဲ့၀င်တွေ၊ စစ်ကောင်စီခန့်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တို့ကို ပစ်မှတ်ထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

“အီးယူအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်၊ လူသားချင်းစာနာမှု အကူအညီတွေလည်း ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ပြောထားသည်။ နိုင်ငံပေါင်း ၂၇ နိုင်ငံပါသည့် အုပ်စုသည် ယခုနှစ် လက်ရှိအချိန်အထိ မြန်မာသို့ အကူအညီ ယူရို ၂၀ ဒသမ ၅ သန်း (ဒေါ်လာ ၂၄ ဒသမ ၈ သန်း) ထောက်ပံ့ပေးထားကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အီးယူ နိုင်ငံခြားရေး၀န်ကြီးများသည် အရေးယူဒဏ်ခတ်မှုစာရင်းနှင့်ပတ်သက်ပြီး အမြဲတစေ သုံးသပ်နေကြောင်းနှင့် ဒဏ်ခတ်မှု စာရင်းထဲတွင် နောက်ထပ် အမည်စာရင်းများ ထပ်တိုးလာနိုင်ခြေ ရှိကြောင်းလည်း ဖေဖေါ်၀ါရီလက ပြောထားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့၀င်များ၏ အကြမ်းဖက် ဖြိုခွင်းပစ်ခတ်မှုကြောင့် ဆန္ဒပြသူများနှင့် ဘေးမှရပ်ကြည့်သူများ အပါအ၀င် လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required