ပို့ကုန်တစ်ချို့ ကုန်းလမ်းမှ တင်ပို့မှုအပေါ် ပိတ်ပင်မည့်ကိစ္စအတွက် ထိုင်းစီးပွားကူးသန်း၀န်ကြီးဌာနက မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ဆွေးနွေးသွားမည်

ပို့ကုန်တစ်ချို့ ကုန်းလမ်းမှ တင်ပို့မှုအပေါ် ပိတ်ပင်မည့်ကိစ္စအတွက် ထိုင်းစီးပွားကူးသန်း၀န်ကြီးဌာနက မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ဆွေးနွေးသွားမည်

ဧပြီ ၂၈

အချိုရည်များအပါအ၀င် ဘတ် ၁၀ ဘီလီယံတန်ဖိုးရှိ ထိုင်း၏ သောက်သုံးစရာ ပို့ကုန်များကို မေလ ၁ ရက်မှစပြီး ကုန်းလမ်းမှတဆင့် ပို့ဆောင်မှုအပေါ် မြန်မာအာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ရန် ပြင်ဆင်လျက် ရှိစဉ်ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီး ဂျူရင် လက်ဆာနာဝီဆစ်သည် မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့်အကြား အရေးတကြီး ဆွေးနွေးမှုများ လုပ်ဆောင်သွားရန် စီစဉ်နေသည်။

ထိုင်း ပို့ကုန်များအပေါ် နယ်စပ်ကုန်းလမ်းမှ တင်ပို့ခြင်းအပေါ် ပိတ်ပင်သည့် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေနှင့် သက်ဆိုင်နေသည်ဟု ယုံကြည်ရသည်။

အချိုရည်များ၊ အသင့်သောက်ကော်ဖီ နှင့် နို့ဆီ အပါအ၀င် သောက်သုံးဖွယ် ကုန်ပစ္စည်း အမျိုးအစား အားလုံးကို မြန်မာသို့ ပင်လယ်ရေကြောင်းကနေတဆင့်သာ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ရာ ယင်းက ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် ပို့ကုန်တင်ပို့မှု ကုန်ကျစရိတ် ပိုမို မြင့်တက်စေရန် ရှိနေသည်။

နှစ်ဘက်အနေဖြင့် ဆွေးနွေးသွားရန် လိုကြောင်းနှင့် ယင်းမှသာ မိမိတို့အနေဖြင့် ယခု ဆုံးဖြတ်ချက်အတွက် ၎င်းတို့၏ အကြောင်းပြချက်များကို မေးမြန်းနိုင်မည် ဖြစ်ပြီး ပြဿနာအတွက် ဖြေရှင်းချက်နည်းလမ်းများ ရှာနိုင်မည်ဖြစ်ကြောင်း မစ္စတာ ဂျူရင်က ပြောသည်။

မြန်မာအနေဖြင့် သယ်ယူပို့ဆောင်ရေး နည်းလမ်းသစ်တစ်ခုကို တောင်းဆိုနေသလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ယခုနှစ်အစောပိုင်းတွင် မြန်မာသို့ သောက်သုံးစရာ ပို့ကုန်တင်ပို့မှုပိုင်းတွင် မြင့်တက်ခဲ့ပြီးနောက် ယခုကိစ္စဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်နေသော ကုမ္ပဏီများမှ ထုတ်ကုန်များကို မြန်မာရှိ ပြည်သူအများအပြားက မ၀ယ်ယူဘဲ သပိတ်မှောက်ရန် ဆန္ဒရှိနေသည်။

ဇန်န၀ါရီနှင့် ဖေဖေါ်၀ါရီအကြား မြန်မာသို့ သောက်သုံးစရာ ပို့ကုန်တင်ပို့မှု တန်ဖိုးသည် ၁၀ ရာခိုင်နှုန်း မြင့်တက်ပြီး ဘတ် ၂ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း ထိုင်းစီးပွားကူးသန်း၀န်ကြီးဌာနက ပြောသည်။

ထိုင်း၏ သောက်သုံးစရာ ပို့ကုန်များသည် တစ်နှစ်လျင် ဘတ် ၁၀ ဘီလီယံ တန်ဖိုးရှိပြီး ထုတ်ကုန်များကို ပုံမှန်အားဖြင့် မယ်ဆိုင်၊ မဲဆောက် နှင့် ရနောင်း ရှိနယ်စပ် ဖြတ်ကျော်ဂိတ်သုံးခုကို ဖြတ်ပြီး ကုန်းလမ်းကနေတဆင့် မြန်မာသို့ တင်ပို့ထားခဲ့သည်။

ယခုဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ထိုင်းအာဏာပိုင်များက မြန်မာ စစ်ကောင်စီတာ၀န်ရှိသူများကို တောင်းဆိုသွားမည်ဖြစ်ကြောင်းနှင့် မကြာသေးသည့်လများအတွင်း မြန်မာအနေဖြင့် ထိုင်းနှင့်အကြား မည်သည့်အတွက်ကြောင့် ကုန်သွယ်လိုငွေ ပြခဲ့သလဲဆိုသည်ကို ရှင်းလင်းခိုင်းမည်ဖြစ်ကြောင်း မစ္စတာ ဂျူရင်က ပြောသည်။

ထို့ပြင် ထိုင်းအနေဖြင့် မြန်မာထံမှ ထုတ်ကုန်များကို ပမာဏအများအပြား ၀ယ်ယူထားခဲ့သော်လည်း သွင်းကုန်ပမာဏသည် ဆက်လက် နည်းပါးနေခဲ့ကြောင်း၊ အကြောင်းမှာ မြန်မာ၏ လက်ရှိဖြစ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ပေါ်သည့် သယ်ယူပို့‌ဆောင်ရေး ပြဿနာများကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required