အိန္ဒိယ၏ ကိုဗစ်-၁၉ အခြေအနေက အလွန်ထိခိုက်၀မ်းနည်းစရာကောင်းကြောင်း WHO အကြီးအကဲ ပြော

အိန္ဒိယ၏ ကိုဗစ်-၁၉ အခြေအနေက အလွန်ထိခိုက်၀မ်းနည်းစရာကောင်းကြောင်း WHO အကြီးအကဲ ပြော
Photo - AFP

ဧပြီ ၂၇

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင် မြင့်မားသည့် အခြေအနေနှင့် ကြုံတွေ့နေရသည့်အ‌ပေါ် စိုးရိမ်ထိတ်လန့်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲက ဧပြီ ၂၆ ရက်တွင် ထုတ်ဖော်သွားခဲ့သည်။

WHO အဖွဲ့အနေဖြင့် အိန္ဒိယ၏ ကိုဗစ်-၁၉ အကျပ်အတည်းကို ကူညီဖြေရှင်းပေးရန် အပူတပြင်း လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောသည်။

“အိန္ဒိယရဲ့ အခြေအနေက တော်တော့်ကို စိတ်ထိခိုက်၀မ်းနည်းစရာကောင်းနေပါတယ်” ဟု WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောသည်။

အိန္ဒိယသည် ကြီးမားလှသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လှိုင်းကို ရင်ဆိုင်နေရချိန် ဆေးရုံများတွင် မနိုင်မနင်းဖြစ်နေကာ မီးသင်္ဂြိုလ်ရုံများတွင်လည်း အချိန်ပြည့် လည်ပတ်လုပ်ဆောင်နေရချိန် WHO အကြီးအကဲ၏ မှတ်ချက်စကား ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်ရက်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေ တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး လူနာများ၏ မိသားစုများက အောက်ဆီဂျင် အထောက်အပံ့များနှင့် ဆေးရုံခုတင်နေရာလွတ်များ ရရှိနိုင်ရန်အတွက် ဆိုရှယ်မီဒီယာပေါ်တွင် ပန်ကြားတောင်းဆိုမှုများ လုပ်ဆောင်ခဲ့ကြရသည်။ ယင်းအခြေအနေများနှင့်အတူ မြို့တော် နယူးဒေလီတွင် သီတင်းတစ်ပတ်ကြာ လော့ခ်ဒေါင်းတစ်ခုကို ထပ်တိုးချခဲ့ရသည်။

“အရေးကြီးတဲ့ ကိရိယာပစ္စည်းတွေ၊ အထောက်အပံ့တွေ ပံ့ပိုးရင်းနဲ့ WHO အနေနဲ့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်” ဟု တက်ဒရို့စ်က ပြောခဲ့သည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိ အိန္ဒိယတွင် ပြီးခဲ့သည့် ရက်များအတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် သုံးသိန်းအထက်တွင် ရှိနေခဲ့ပြီး ယခုအခါ ယင်းနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၁၇ သန်းကျော် ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly