ကိုဗစ်-၁၉ ဒဏ်သင့် အိန္ဒိယကို ကူညီပံ့ပိုးမှုများ တိုးမြင့်လုပ်ဆောင်မည်ဟု အမေရိကန်နှင့် ယူကေ ပြော

ကိုဗစ်-၁၉ ဒဏ်သင့် အိန္ဒိယကို ကူညီပံ့ပိုးမှုများ တိုးမြင့်လုပ်ဆောင်မည်ဟု အမေရိကန်နှင့် ယူကေ ပြော
Photo - AFP

ဧပြီ ၂၆

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်မှုနှင့် ရင်ဆိုင်နေရသည့် အိန္ဒိယနိုင်ငံထံ ဗိုင်းရပ်စ်စမ်းသပ်ကိရိယာများ၊ အသက်ရှုစက်များ၊ ရောဂါအကာအကွယ် ပစ္စည်းများနှင့် ကာကွယ်ဆေးထုတ်ပစ္စည်းများ အပါအ၀င် အထောက်အပံ့များ ရောက်ရှိစေရေးအတွက် အမေရိကန်က ချက်ချင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် ယူကေကလည်း အသက်ရှုစက်များ၊ အောက်ဆီဂျင်ပေးစက်များ အပါအ၀င် အသက်ကယ် ‌ဆေးဘက်ဆိုင်ရာ ကိရိယာများကို အိန္ဒိယနိုင်ငံထံ ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ကြီးထွားလျက် ရှိစဥ် ယင်းနိုင်ငံသို့ အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ပြင်သစ်၊ ကနေဒါ ၊ ဂျာမနီ အပါအ၀င် အနောက်အုပ်စုနိုင်ငံများကလည်း ကတိပြုထားသည်။

တောင်အာရှနိုင်ငံသည် ယခုအခါ နေ့အလိုက် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှုပိုင်း စံချိန်တင် မြင့်တက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ထားခဲ့ရသည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိ အိန္ဒိယနိုင်ငံတွင် မြို့တော် နယူးဒေလီမှာ ဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံနေရပြီး ဆေးရုံများတွင် မနိုင်မနင်းဖြစ်နေသလို အောက်ဆီဂျင်နှင့် ဆေး၀ါး ပြတ်လပ်မှုများ ရှိနေသည်။ လူနာများ၏ မိသားစုများကလည်း ဆိုရှယ်မီဒီယာပေါ်ကနေ အကူအညီတောင်းခံမှုများ ရှိနေကြောင်း သိရသည်။

အိန္ဒိယတွင် ယခုရက်များအတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူသစ်တွေ့ရှိမှုသည် သုံးသိန်းအထက်တွင် ရှိနေခဲ့သည်။ ယင်းနိုင်ငံတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူစုစုပေါင်းသည် ၁၇ သန်းကျော် ရှိနေပြီဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required